မွန်ပြည်နယ်တွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ နှစ်သောင်းကျော် မဲပေးခွင့်ရ

မွန်ပြည်နယ်တွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ နှစ်သောင်းကျော် မဲပေးခွင့်ရ
လက်ရှိနေထိုင်ရာ မွန်ပြည်နယ် မဲဆန္ဒနယ်များတွင် မဲပေးနိုင်ခွင့်ရရှိရန် ပုံစံ(၃-က)ဖြင့် လျှောက်ထားသည့် မူလမဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေထိုင်သူ နှစ်သောင်းကျော် ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲ အရာရှိက ပြောသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် မဲပေးခွင့် ရှိသူ စုစုပေါင်း ၁၅ သိန်း ၁ သောင်းကျော် ရှိပြီး ၎င်းတွင် ပုံစံ (၃-က)ဖြင့် လျှောက်ထား သူ နှစ်သောင်းကျော်လည်း ပါဝင်သည်။

မွန်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်က “ပုံစံ (၃-က) ဆိုတာ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားရယ်လို့တော့ မဟုတ်ဘူး။ ရက်ပေါင်း ၁၈၀ အတွင်း နေထိုင်သူတွေလည်း ပါတယ်”ဟု ပြောသည်။

ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ နှစ်သောင်းကျော်အနက် မော်လမြိုင်ခရိုင်တွင် တစ်သောင်းကျော် ရှိပြီး၊ သထုံခရိုင်တွင် တစ်သောင်းခန့် ရှိကြောင်း သိရသည်။

မော်လမြိုင်ခရိုင် ၆ မြို့နယ်အနက် မော်လမြိုင်မြို့နယ်တွင် ၄ဝဝဝ ကျော်၊ ချောင်းဆုံမြို့နယ် ရ၁၉ ဦး၊ မုဒုံမြို့နယ် ၁၅၇၁ ဦး၊ ရေးမြို့နယ် ၂၅၉၂ ဦး၊ ကျိုက်မရောမြို့နယ် ၂၀၂၀ ဦး ရှိသည်ဟု သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးများထံမှ သိရသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ မွန်ပြည်နယ်သို့ လာရောက်လုပ်ကိုင်ကြသူများ အနက် ရေးမြို့နယ် ရှိ ရွှေ့ပြောင်းလုပ်သားများအနေနှင့် အချို့မှာ အထောက်အထား မခိုင်လုံခြင်း ကြောင့် မဲပေးခွင့် ရရှိရန် အခက်အခဲ ရှိနေပြီး၊ ၎င်းတို့မှာ မဲပေးခြင်းဆိုင်ရာ အသိပညာကိုလည်း သိရှိနားလည်မှု နည်းပါးကြကြောင်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအချို့က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းက “ကျွန်တော်တို့ ရောက်ခဲ့တဲ့နေရာ အတော်များများမှာ ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ မဲပေးဖို့ ခက်ခဲနေတာ တွေ့ရတယ်။ သူတို့ မဲပေးခွင့်ရဖို့ ကော်မရှင်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းက ပူးပေါင်းလုပ်ဆောင်ပေးမှပဲ ရမယ်”ဟု ပြောသည်။

မွန်ပြည်နယ်တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စသည်တို့မှ လာရောက်သည့် ရွှေ့ပြောင်းလုပ်သား သောင်းချီ ရှိပြီး၊ ရေးမြို့နယ်တစ်ခု တည်းတွင်ပင် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရာဘာခြံ၊ ဥယျာဉ်ခြံနှင့် အခြားကျပန်းလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား ၂ သောင်းကျော် ရှိသည်ဟု ရွေးကောက်ခံ ကိုယ်စားလှယ်များက ခန့်မှန်းတွက်ချက်ကြသည်။

ပုံစံ (၃-က) ဖြင့် လျှောက်ထားသူများ၏ မဲစာရင်းကို ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုတွင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရုံးများတွင် ကပ်ထားပေးမည် ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့မှစကာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်များ ထုတ်ပေးသွားမည်ဟု သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...