ရောင်ခြည်သစ်မှ ကျောက်ဖြူမြို့နယ်တွင် မဲဆန္ဒရှင် အသိပညာပေးသင်တန်း ပြုလုပ်

ရောင်ခြည်သစ်မှ ကျောက်ဖြူမြို့နယ်တွင် မဲဆန္ဒရှင် အသိပညာပေးသင်တန်း ပြုလုပ်
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်တွင် ရောင်ခြည်သစ်အဖွဲ့မှ မဲဆန္ဒရှင်အသိပညာပေး ထပ်ဆင့်သင်တန်းအား ကျေးရွာများထိ ဆင်းပြီး ပြုလုပ်နေကာ ယင်းသင်တန်းကို အောက်တိုဘာလ ၂၅ရက်နေ့မှ စတင်၍ သင်ကြားနေကြောင်း သိရသည်။

သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး  ရောင်ခြည်သစ်မှ ဒေသခံ သင်တန်း တာဝန်ခံဆရာမ ဒေါ်မိုးမိုးအေးက “မဲဆန္ဒရှင်များ မဲပေးတဲ့အခါမှာ မှန်မှန်ကန်ကန် ဆန္ဒမဲ ပေးတတ် စေရန်နှင့် ပယ်မဲဖြစ်သွားအောင် ရည်ရွယ်ပြီး သင်တန်းပို့ချနေရတာဖြစ်တယ်”ဟု ပြောသည်။

၎င်းအပြင် သူမက “ သူတို့ စိတ်ထဲမှာ မဲပေးတဲ့ ပုံစံကို တစ်ချို့ကသိနေပြီလို့ ထင်နေပေမယ့် သင်တန်းမှာ လက်တွေ့ လုပ်ကြည့်တဲ့ အခါမှာ သုံးပုံနှစ်ပုံလောက်ဟာ ပဲမယ်ဖြစ်နေတာတွေ့ရတယ်။ တော်တော်များကတော့ မဲကို ဘယ်လို ပေးရမယ်ဆိုတာကို နားမလည်ကြသေးဘူး ဆိုတာကို သင်တန်းမှာ တွေ့ကြုံခဲ့ရတယ်”ဟု ပြောဆိုသည်။

သင်တန်းမှာ ဆန္ဒမဲ ပေးပုံပေးနည်းကို လွှတ်တော်သုံးနေရာအတွက် လက်တွေ့ ဆန္ဒမဲပေး၍ စမ်းသပ်ခဲ့ကြပြီး ပယ်မဲ သုံးပုံတစ်ပုံဖြစ်နေကြောင်းလည်း သူမက ပြောသည်။

၎င်းသင်တန်းကို ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းကလည်း ပူးပေါင်း ပါဝင်ကူညီ သင်တန်း ပေးနေကြောင်း သိရသည်။

“ကိုယ်ဒေသကလူတွေ မဲပေးတဲ့အခါ မိမိဆန္ဒနဲ့ လွတ်လွတ်လပ်လပ်ဆုံးဖြတ်တတ်ဖို့နဲ့  လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာကို ကိုယ်ဒေသကလူတွေသိရှိစေဖို့ ရည်ရွယ်ပြီး ပူးပေါင်း ဆောင်ရွက် နေတာဖြစ်ပါတယ်” ဟု  သင်တန်းကူညီသင်ကြားပေးနေသူ ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်းအတွင်းရေးမှူး ကိုထွန်းကြည်က ပြောသည်။

ယင်းအပြင် ကိုထွန်းကြည်က “ကိုယ့်ဒေသကလူတွေ စနစ်တကျ မဲပေးတတ်စေဖို့နဲ့ မိမိရွေးချင်တဲ့ ကိုယ်စားလှယ်ကို လွတ်လွတ်လပ်လပ်နဲ့ ရွေးချယ်ခွင့်ရှိတယ်ဆိုတာကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပံ့ပိုး ကူညီတာဖြစ်တယ်။  ဒီသင်တန်းကလည်း ကျောက်ဖြူမှာ တစ်ခုတည်းသာရှိတယ်။ ပံ့ပိုးကူညီရင်း ကျနော်တို့အသင်းကလည်း အောက်ခြေဒေသတစ်ချို့နဲ့ နီးကပ်နေတဲ့အတွက် ကိုယ်စားလှယ်တွေကို စနစ်တကျ ရွေးချယ်တတ်အောင် သင်ပြပေးနေတာဖြစ်တယ်”ဟု ပြောသည်။

မဲဆန္ဒရှင် အသိပညာပေး ထပ်ဆင့်သင်တန်းကို ကျေးရွာပေါင်း(၁၀) သင်တန်းပေးရန်ရွေးချယ်ထားပြီး မလကျွန်း ကျေးရွာနှင့် စည်မော်ကျေးရွာတို့ကို သင်တန်းပေးခဲ့ပြီး ကျန်ရှိသော ကျေးရွာ(၈)ရွာကို လည်း ဆက်လက်သင်တန်းပေးသွားမည်ဟု သိရသည်။

သင်တန်းပေးရန် မဲဆန္ဒရှင်များပြားရှိသော ကျေးရွာတွေကို ဦးစားပေး ရွေးချယ်ထားပြီး မလကျွန်း၊ စည်မော်၊ သိုင်းချောင်း၊ ကုလာဘာ၊ မင်းတက်တောင်၊ ပြိုင်းစေ့ကေ၊ မင်းပြင်၊ ရေနံတောင်၊ ကျောက်ပြောက်၊ ကျောက်ကလေ စသည့်ကျေးရွာတွေကို ဆက်လက်သင်တန်းပေးသွားမည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...