နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ကမ်းလှမ်းသော လက်ကို တိုင်းရင်းသားလက်နက်ကိုင်ဘက်က အဆင်သင့်မဖြစ်သေးသော်လည်း အစိုးရဘက်က ဖိအားပေးထိုးစစ်ဆင်ခဲ့ပါတယ်။
ပြည်ထောင်စုအဆင့်ထိ လက်မှတ်ရေးထိုးထားသော သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA ကို အစိုးရတပ်မတော်က မည်သည့် အကြောင်းပြချက်နဲ့ ထိုးစစ်ဆင်နေရသလဲ။ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် မူကြမ်း N.C.A ကို တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ထိုးသွားပေမယ့်လည်း ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အဆင်သင့် မဖြစ်သေးတဲ့အတွက် လက်မှတ်မထိုးရသေးပါဘူး။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က “သျှမ်းပြည် တပ်မတော် မြောက်ပိုင်းဘက်က NCA လက်မှတ် မရေးထိုးတဲ့အတွက်ကြောင့် ထိုးစစ်ဆင်နေတာလား - မေးစရာဖြစ်နေပါတယ်”လို့ ပြောပါတယ်။
တစ်လနီးပါး ထိုးစစ်ဆင်မှုဖြစ်နေတဲ့ အစိုးရတပ်မတော်နဲ့ သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မိုင်းနောင်မြို့နယ်၊ မိုင်းရှူးမြို့နယ် ပြည်သူထောင်ပေါင်းများစွာ စစ်ဘေးသင့်ကာ အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
“ရွာထဲမှာ ဗုံးသံဆက်တိုက်ကြားရတော့ အိမ်မှာမနေရဲဘဲ ထွက်ပြေးလာခဲ့ရ တယ်။ ဘာမှလည်း မရခဲ့ ဘူး”ပြောရင်း သူမရဲ့မျက်နှာကို ပုဝါ ခြုံပြီး မျက်ရည်စတို့ စီးကျလာတာကိုသိသိသာသာ ဖယ်ရှားရင်း စစ်ဘေးရှောင် ပါနန်းလူက ပြောတယ်။
ဗုံးသံကြားတာနဲ့ တမံတလင်းပေါ် မှောက်လျက်နေနေရတယ်လို့ အသက်ခြောက် ဆယ်အရွယ်ခန့် အဘွားက ပြောပြပါတယ်။
“အဘွားဒီမှာရောက်တာ တစ်လရှိတော့မယ် အိမ်ပြန်ချင်တယ် သေတောင်မှ အိမ်မှာပဲ သေချင်တယ်။ အဘွား အသက် ၁၀၄ နှစ် ရှိပြီ။ ဒီလိုမျိုး တိုက်ပွဲ ကြီးကြီးကျယ်ကျယ်ဖြစ်ပြီး ထွက်ပြေးတာ မကြုံဖူးဘူး”လို့ စစ်ဘေးသင့်ပြည်သူ အဘွား မယ့်ထောက်နန်းက ကြောက်လန့်စွာနဲ့ ပြောပါတယ်။
အသက်ဆယ့်ငါးနှစ်အရွယ် လမ်းမလျှောက်နိုင်တဲ့ သမီးကို စစ်ပွဲတွေကြားကနေ မိခင် ဒေါ်နန်းမတ်က ခြေဗလာနဲ့ ဒရွတ်တွဲ ခေါ်ခဲ့ရပါတယ်။
“အဒေါ့်ကလေးကို စစ်ပွဲကြားကနေ ခွေးဆွဲသလို ဆွဲပြီး အသက်လုယူ ထွက်ပြေးခဲ့ရတယ်”လို့ အသက် ၄၅ နှစ်အရွယ် ဒေါ်နန်းမတ်က ပြောပါတယ်။
တမိသားစုလုံး ဝမ့်ဆော့ရောက်နေတဲ့ ဦးဆန်လူက “အခုချိန်ဆို ကောက်ရိတ်ချိန်လေ၊ ကျနော့်မှာ ရိတ်သိမ်းဖို့ ပြောင်းခင်းတွေလည်း ပျက်စီးကုန်ပြီ၊ ဒီစစ်ပွဲကို မြန်မြန်ပြီးစေချင်ပြီ”လို့ ပြောတယ်။
“စစ်ပွဲကို မြန်မြန်ပြီးစေချင်ပြီ။ အခု ကျနော်တို့ ကြောက်နေကြတာက အဝေးကနေ ဗုံးနဲ့ လှမ်းပစ်နေတဲ့ အစိုးရ စစ်သားတွေကို ကြောက်နေတယ်”လို့ စစ်ဘေးရှောင် လုံးတိယက ပြောပါတယ်။
စစ်ဘေးသင့်ပြည်သူ အများစုဟာ မိန်းကလေးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ သူတို့မှာ ကျန်းမာရေး မကောင်းတာကို ခံစားနေရပါတယ်။ စစ်ဘေးရှောင်တွေဟာ နေအိမ်ကနေ စွန့်ခွါလာတာတလနီးပါး ရှိပြီဖြစ်တဲ့အတွက် ခြံထွက်သီးနှံတွေ အိမ်မွေးတိရစ္ဆာန်တွေ ပျက်စီးသေကြေကုန်ပါတယ်။
ကိုယ်ဝန်အရင့်အမာနဲ့ စစ်ဘေးရှောင်ရင်း တစ်လမ်းလုံး နာကျင်တဲ့ ဝေဒနာကိုခံစားပြီး တောထဲမှာ မည်သူ တစ်ဦးတစ်ယောက်ရဲ့ အကူအညီ မပါဘဲ နန်းနော်ဟာ ဗုံးသံ သေနတ်သံတွေကြားထဲမှာ ကြောက်ကြောက် ရွံ့ရွံ့နဲ့ သမီးလေးတစ်ယောက်ကို ခက်ခက်ခဲခဲ မွေးဖွားခဲ့တယ်လို့ သူမ ကိုယ်တိုင်က ပြောပြပါတယ်။ အခုဆိုရင် သမီးလေးဟာ ရက် ၂၀ ကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးငယ်တစု ကိုမေးကြည့်တော့ သူတို့က -
“ဗုံးသံကြားတာနဲ့ အော်ငိုချင်တယ်”
“အရမ်းကြောက်စရာကောင်းတယ်”
“ဗုံးပေါက်သံက မြေကြီးတောင် ခါသွားတယ်”လို့ အသီးသီး ပြောပြကြပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝ နေထိုင်ရေး အဘက်ဘက်က နောက်ကျေနသေးတဲ့၊ ဘဝလုံခြုံမှု မရှိတဲ့ သျှမ်းပြည်ကျေးလက် တောရွာသားတွေကို သေနတ်သံ ယမ်းငွေ့တွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ မရနိုင်ဘူးဆိုတဲ့အကြောင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီလမ်းပေါ်ရောက်အောင် ကြိုးစားနေတဲ့ နိုင်ငံတော်အစိုးရသိအောင် စွမ်းဆောင်ပေးမယ့်သူကို တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ ဒါတွေကို မိုင်းရှူးမြို့နယ်က ဝမ့်ဆော့စစ်ဘေးရှောင်စခန်းက လူတွေရဲ့ မျက်လုံးတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။







