ယင်းခြိမ်းခြောက်မှုကိုအမ်းမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး အချို့က ပြောဆိုပြုလုပ်နေကြောင်း အမ်းမြို့နယ်မှ ကျောင်းဆရာမတစ်ဦး က ပြောသည်။
“ညီမတို့က ANP ရခိုင်အမျိုးသားပါတီကိုယ်စားလှယ် ဒေါ်ထုမေ ဟောပြောပွဲသို့ နားထောင်ဖို့ သွားကြ ပါတယ်။ အဲဒီမှာ ကျေးရွာအုပ်ရေးမှူး တချို့က ANP ရခိုင်အမျိုးသားပါတီကို မဲမပေးရဘူးတဲ့။ မဲပေးလို့ ရှိရင် အလုပ်ဖြုတ်မယ်။ လစာဖြတ်မယ်လို့ ပြောတယ်။ ဒီလို ပြောနေတာရွာတိုင်း လိုလိုဖြစ်နေတယ်။ ညီမတို့က ဘာလုပ်လို့ဘာကိုင်မှန်း မသိတော့ဘူး။ ဒီကိစ္စကို ANP ပါတီမှ ဒေါ်ထုမေကို ပြောထား ပြီးပါပြီ”ဟု အမည်မဖော်လိုသူ အမ်းမြို့နယ် ကျောင်းဆရာမ တစ်ဦးမှ ပြောသည်။
ဝန်ထမ်းများသာမက ပြည်သူများကိုလည်း ရခိုင်အမျိုးသားပါတီကိုလည်း ခြိမ်းခြောက်မှုများရှိနေ၍ ကြောက်နေကြရကြောင်း သူမက ပြောဆိုသည်။
ယင်းခြိမ်းခြောက်မှုများနဲ့ပတ်သက်ပြီး အမ်းမြို့နယ်အမျိုးသားလွှတ်တော်ကိုယ် စားလှယ်လောင်း ဒေါ်ထုမေသို့ နိရဥ္စရာမှ ဆက်သွယ်မေးမြန်ရာတွင် သူမက “အစ်မတို့အမ်းမြို့နယ်ဖက်သို့မဲဆွယ်ဖို့ သွားတဲ့အခါမှာ အဲဒီမှာ ရှိနေတဲ့ ပြည်သူတွေ ကျောင်း ဆရာ/ ဆရာမတွေက အစ်မကို လာပြောကြ တယ်။ ရခိုင်အမျိုးသားပါတီကို မဲ မပေးရဘူးတဲ့။ မဲပေးရင် အလုပ်ဖြုတ်မယ်။ လစာဖြတ်မယ်။ ဝန်ထမ်းတွေ အလုပ်မပေးဘူးလို့လာပြောတယ်။ အစ်မကဘယ်သူတွေလာပြောသလဲ လို့ မေးကြည့်တဲ့ အခါမှာတော့ လက်ရှိ အာဏာရပါတီလို့ ပြောတယ်။ ရခိုင်အမျိုးသားပါတီကို မဲပေးရမှာကို ကြောက်နေ ရတယ်လို့ ကျောင်းဆရာမ တစ်ယောက် အစ်မကို ပြောတယ်။ အဲဒါက ကျောင်းဆရာ၊ ဆရာမတွေ၊ နောက်ပြီး ပြည်သူတွေက လာပြောတာဖြစ်တယ်” ဟု အမ်းမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ထုမေမှ ပြောသည်။
ယခုကဲ့သို့ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားဖို့ အစီစဉ်ရှိသလားဟု နိရဥ္စရာမှ ဆက်လက်မေးမြန်းရာ သူမက “အစ်မတို့က လက်ရှိ အချိန်အခါမှာအင်မတင် အရေးကြီးနေ တယ်။ တိုင်ဖို့ ထိုးနှက်မှုတွေလုပ် ဖို့ဆိုတာ ပါတီနိုင်ငံရေး၊ နိုင်ငံရေးဆိုတာထက် နိုင်ငံတည်ဆောက် ရေးကို ဦးတည်ချင်တယ်။ အဲ့ဒါကြောင့် အမှန်တကယ်လုပ်ရမယ်။ဒီလိုလုပ် ရပ်တွေ ကိုတိုင်ကို တိုင်ရမယ်”ဟု သူမက ဆက်ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP)ကို မဲပေးပါက အလုပ်ဖြုတ်မည်ဟု ဝန်ထမ်းများအား ခြိမ်းခြောက်မှုများ ရှိနေသည့် စွပ်စွဲမှုများနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးကျော်သိန်းကလည်း နိရဥ္စရာသို့ ယခုလို ပြောသည်။
၎င်းက “ကျွန်တော်တို့က ဘယ်ပါတီကိုမှ ဘာမှ မပြောဘူးနော်။ ဘယ်ပါတီကိုမှလည်း အသုံးမချဘူး။ အတင်း အကြပ်လည်း မဲပေးပါလို့ မပြောဘူး။ ၂၀၁ဝ ကနေ ကျွန်တော်တို့ပါတီက ဘာတွေလုပ်ခဲ့သလဲ ချပြပြောဆိုတာ ရှိတယ်။ ဘယ်သူကိုမှ အတင်းအကျပ်ပြောဆိုတာမျိုး မရှိဘူး။ ကျွန်တော်တို့ ဆိုင်းဘုတ်တွေတောင်မှ ဖြိုဖျက်ဆီးတာတွေ ရှိသေးတယ်။ ကျွန်တော်တို့ကတော့ ဘာမှ မလုပ်ဘူး။ ကျွန်တော်ကတော့ မြို့ပေါ်မှာနေရတယ်။ တာဝန်ကျတယ်ပေါ့။ နယ်ဘက်တွေမှာတော့ ကျွန်တော် လည်း မပြောတက်ဘူး”ဟု ပြောသည်။
ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်းဒေါ်ထုမေသည်တစ်ရက်တည်းအတွင်း ကျေးရွာပေါင်း ရ ရွာသို့ သွား၍ မဲဆွယ်ဟောပြော လုပ်ပြီးနောက် အမ်းမြို့နယ် မင်းတပ်ကျေးရွာသို့ ရောက်ရှိသော အခါ အသံများ ဝင်နေ၍ မိုင်ကရိုဖုန်းနှင့် ဆောင်းဘောက်များအသုံးပြုဖို့တောင်းဆိုခဲ့သော်လည်း အမ်းမြို့နယ်မင်းတပ် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ မိုင်ကရိုဖုန်း၊ ဆောင်ဘောက်များဖြင့် ဟောပြောမှုများ မပြုလုပ်ရန် တားမြစ်ခဲ့ကြောင်း သူမက ပြောသည်။







