မဲအောင်နိုင်ခဲ့ပါက ပရဟိတ စီးပွားရေးကောင်းလာဖို့ အဓိကလုပ်ဆောင်သွားမည်

မဲအောင်နိုင်ခဲ့ပါက ပရဟိတ စီးပွားရေးကောင်းလာဖို့ အဓိကလုပ်ဆောင်သွားမည်
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — “မီးစျေးစျေးနည်းနည်းနဲ့ လင်းမယ်ဆိုရင် လူတွေရဲ့ အဆင့်တန်းလေးတွေ မြင့်လာမယ်။ စီးပွားရေးလေးတွေ ကောင်းလာမယ်။ ထားဝယ်မှာက ထုတ်ကုန်တွေအများကြီးပဲ လမ်းပန်းဆက်သွယ်ရေးသာ ကောင်းမယ်ဆိုရင် ဒီပစ္စည်းတွေစျေးကောင်းရပြီး တနင်္သာရီရဲ့ လူနေမှု အဆင့်တန်း ပညာရေး အားလုံး တိုးတက်လာမယ်။ နောက်ပြီး ပရဟိတ စီးပွားရေးကောင်းလာဖို့ဆိုရင် အဓိကက လမ်းကောင်းနေဖို့ လုပ်ပေးရမယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ထားဝယ်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်နှင်းကေက BNIသတင်းဌာနသို့ဖြေကြားသည်။

မေး။     ။ မဲဆွယ်စည်းရုံးရာမှာ ကြံုတွေ့ရတဲ့ အခက်အခဲ အခြေနေကိုပြောပြပေးပါ။

ဖြေ။       ။ မဲဆွယ်စည်းရုံးရာမှာ  နယ်တွေ ရပ်ကွက်တွေထဲထိ သွားရောက်မဲဆွယ်ခြင်းတွေ လုပ်တယ်။ ပါတီစုံဆိုတော့ လွယ်ကူတဲ့နေရာလည်း ရှိတယ် ခက်ခဲတဲ့နေရာလည်း ရှိတယ်။ ခက်ခဲတယ်ဆိုတာက  ပါတီနှစ်ခု တိုက်ဆိုင်သွားရင် အန်တီတို့ပါတီအနေနဲ့ကျတော့ သိပ်ပြီးနာမည်မကြီးဘူး ပုံမှန်ပါတီတစ်ခုပဲဆိုတော့ အားနည်းတယ်။ တစ်ခြားပါတီတွေနဲ့ အတိုက်အခံပြောရာမှာ အားနည်းတာပဲရှိတယ်။

ပါတီရဲ့စိတ်ဓါတ်ရေးရာ အရတော့ အားမနည်းပါဘူး။ ပါတီနှစ်ခုတိုက်ဆိုင်လာချိန်မှာတော့ ကိုယ်ရဲ့ အမာခံတွေကိုပဲ ရွေးပြီးပြောတယ်။ မရမက ရမှဖြစ်မယ်ဆိုပြီးတော့ အကြမ်းဖက်တဲ့ပုံစံမျိုးတွေ လုံးဝမပြောဘူး။ မဲဆွယ်ရာမှာ ကိုယ်စား လှယ်လောင်းအနေ နဲ့ လိုက်နာရမဲ့ ကျင့်ဝတ် စာအုပ်ထုတ်ထားတယ်။ အဲ့ထဲက အတိုင်းကို မဲဆွယ်တယ်။ တစ်ဖက်ပါတီကိုလည်း သိက္ခာမချဘူး။ ကိုယ့်ပါတီရဲ့ ကောင်းကြောင်းကိုပဲပြောပြီး စည်းရုံးပါတယ်။

မေး။  ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တစ်ခြားအတိုက်အခံပါတီတွေနဲ့ ယှဉ်ပြိုင်ရာမှာ မဲအောင်နိုင်ရေး အခြေနေကို ပြောပြပေးပါ။

ဖြေ။  ။ လက်ရှိအခြေနေကတော့ အန်တီတို့ အသင်းအနေနဲ့က အောင်မြင်တယ်။ သိပ်ပြီးတော့ အနိမ့်ကြီး မဟုတ်ဘူး။ အန်တီတို့အနေနဲ့ မဲဆွယ်ရာမှာလည်း သူများတွေ နိုင်ငံရေးသင်္ကြန်ကျသလို ကားနဲ့မလှည့်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Door to Door ပုံစံနဲ့ လက်ကမ်းစာစောင်တွေ တစ်လမ်းဝင် တစ်လမ်းထွက် ကိုယ်တိုင် လိုက်ပေးနေတယ်။ အားသာချက် အားနည်းချက်ကတော့ မဲပေးချိန်မှ သိမယ်။

မေး။  ။ နိုင်ငံရေးအနေနဲ့ အရင်ထဲကလှုပ်ရှားခဲ့တာလား ပြောပြပေးပါ။

ဖြေ။  ။ ၂၀၁၀မှာတုန်းကပါတီဝင်ပဲဖြစ်ခဲ့တယ်။ လှုပ်ရှားမှုမရှိဘူး။ ဒီနှစ်မှ နိုင်ငံရေးလှုပ်ရှားမှု များတယ်။ ရည်ရွယ်ချက်လည်း ပိုကြီးတယ်။ ရနိုင်မယ်လို့လည်း မျှော်လင့်တယ်။ အရင်က အန်တီက ဝန်ထမ်းပါ စီးပွားရေးတက္ကသိုလ်က ဆင်းတာနဲ့ စာရင်းစစ်လုပ်တယ်။ အဲ့ဒီကနေ ပင်စင်ယူပြီး ဒီပါတီကို ဝင်ခဲ့တာပါ အခု ရွေးကောက်ပွဲကို ဝင်ပြိုင်ဖြစ်တယ်။ တစ်ခြားနိုင်ငံရေး လှုပ်ရှားမှုကတော့ မရှိခဲ့ပါဘူး ပါတီအနေနဲ့ လှုပ်ရှားမှုမျိုးပဲ ရှိခဲ့တယ်။

မေး။  ။ မဲအောင်နိုင်ခဲ့မယ်ဆိုရင် ဒေသအတွက် ဘာတွေ အကျိုးပြုမလဲဆိုတာ ပြောပြပေးပါ။

ဖြေ။  ။ မဲအောင်နိုင်ခဲ့မယ်ဆိုရင်တော့ ဒေသအတွက် လိုအပ်နေတာက မီးနဲ့လမ်းဆိုတော့ လမ်းကောင်းရမယ်။ မီးစျေးစျေးနည်းနည်းနဲ့ လင်းမယ်ဆိုရင် လူတွေရဲ့ အဆင့်တန်းလေးတွေ မြင့်လာမယ်။ စီးပွားရေးလေးတွေ ကောင်းလာမယ် ထားဝယ်မှာက ထုတ်ကုန်တွေအများကြီးပဲ လမ်းပန်းဆက်သွယ်ရေးသာ ကောင်းမယ်ဆိုရင် ဒီပစ္စည်းတွေစျေးကောင်းရပြီး တနင်္သာရီရဲ့ လူနေမှု အဆင့်တန်း ပညာရေး အားလုံး တိုးတက်လာမယ်။ နောက်ပြီး ပရဟိတ စီးပွားရေးကောင်းလာမယ်ဆိုရင် ဒါတွေက အများကြီးလုပ်လာနိုင်မှာ ဖြစ်လို့ အဓိကက လမ်းကောင်းနေဖို့ လုပ်ပေးရမယ်။

မေး။  ။ မဲအောင်နိုင်ရေးမှာ လွဲချော်သွားခဲ့ရင် ဒေသအတွက် ဘာတွေ ဆက်လုပ်ဆောင်သွားဖို့ ရှိလည်း ပြောပြပေးပါ။

ဖြေ။  ။ မဲအောင်နိုင်ခဲ့မယ်ဆိုရင် ပါတီတစ်ခုလုံးရည်ရွယ်ချက်က ပါတီအောင်နိုင်ရေးကို ဆက်လုပ်မယ်။ မနိုင်ခဲ့ဘူးဆိုရင် ပါတီရှင်သန်ရေးကို ဆက်လုပ်မယ်။ ပါတီက အလုပ်လုပ်နိုင်ဖို့ဆိုရင် ပါတီ အာဏာရမှ ဖြစ်မှာ ပါတီအာဏာမရဘူးဆိုရင် ပြောတဲ့စကားကလေပဲ ဖြစ်မယ်။ ရှင်သန်ရေးမှာ ပါတီရဲ့ခိုင်မာမှု ကျစ်လျစ်မှု ပါတီ အင်အားစုများအောင် ဒါတွေ ဆက်လုပ်ရမယ်။

အမည်                       -        ဒေါ်နှင်းကေ
မဲဆန္ဒနယ်        -    တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ထားဝယ်မဲဆန္ဒနယ်
မွေးသက္ကရာဇ်              -        ၂၃.၂.၁၉၅၇
အသက်                    -         ၅၈
ပညာအရည်အချင်း       -         B.Ecom
အလုပ်အကိုင်            -           စာရင်းစစ် (ငြိမ်း)
လူမျိုး                      -           ဗမာ
ကိုးကွယ်သည့်ဘာသာ  -          ဗုဒ္ဓ
နိုင်ငံရေးလှုပ်ရှားမှု       -        ၂၀၁၀ တစည ပါတီဝင်

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...