NCA မထိုးသည့် အဖွဲ့များ ပန်ဆန်းမြို့၌ တွေ့ဆုံမည်

NCA မထိုးသည့် အဖွဲ့များ ပန်ဆန်းမြို့၌ တွေ့ဆုံမည်
by -
သျှမ်းသံတော်ဆင့်
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်  UWSA ကမကထ ပြုမှုဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်လက်မှတ် မထိုးသည့် တပ်ဖွဲ့ဝင်များ ပန်ဆန်းမြို့၌ လာမည့်နိုဝင်ဘာ လဆန်းပိုင်း၌ တွေ့ဆုံမည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁-၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ NCA လက်မှတ် မထိုးသည့် အဖွဲ့များကိုသာ ဖိတ်ကြားထားသည်ဟု ဆိုသော်လည်း ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ နယ်ဒါးမြ ဦးဆောင်သည့် KNDO တပ်ဖွဲ့ကိုတော့ ဖိတ်ကြားထားကြောင်း၊ အစည်းဝေးပွဲတက်ရောက်ရန် အောက်တိုဘာ ၂၄ ရက်နေ့က ဖိတ်စာလက်ခံထားရသည့် တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

“ဆွေးမယ့်အကြောင်းရင်းက ဒီရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စရယ်၊ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရ ကိစ္စရယ် အဓိကက အဲဒီ နှစ်ချက်ပဲပါတယ်။ အဲဒီကိစ္စအပေါ် ဘယ်လိုသဘောထားရှိမလဲပေါ့”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

“အစည်းအဝေးဖိတ်တာတော့ UNFC အဖွဲ့ဝင် အများစုပါတယ်။ လက်မှတ်ထိုးလိုက်တဲ့ UNFC အဖွဲ့ဝင်တွေတော့ မပါဘူးပေါ့။ ဆိုပေမယ့်လည်း UNFC အဖွဲ့ဝင်တွေ ဖြစ်တဲ့ လားဟူ LDU ၊ ‘ ဝ’ WNO၊ ရခိုင် ANC တို့တော့ မဖိတ်ဘူး။ ဒါပေမယ့် ကရင် KNDO နဲ့ ကယန်း KNLP တို့ကိုတော့ ဖိတ်ထားတယ်လို့ သိရတယ်”ဟု UNFC အဖွဲ့ဝင် ခေါင်းဆောင်ပိုင်းတဦးက ပြောသည်။

အစည်းဝေးတက်ရောက်မည့် အဖွဲ့အစည်းများမှာ ဝ တပ်ဖွဲ့အပါအဝင် ၁၂ ဖွဲ့ ရှိကြောင်း၊ ထိုအဖွဲ့များ တွင် မွန်ပြည်သစ်ပါတီ NMSP၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ ပလောင်(တအာင်း)တပ်ဖွဲ့ TNLA၊ ရခိုင့်တပ်မတော် AA၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မိုင်းလားတပ်ဖွဲ့ NDAA–ESS၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကရင် KNDO၊ ကယန်း ပြည်သစ် ပါတီ KNLP၊ နာဂ NSCN–K နှင့် အိမ်ရှင် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA တို့ဖြစ်ကြသည်။

“အခု အစည်းအဝေးက ရွေးကောက်ပွဲနဲ့ အစိုးရသစ်အတွက်ပဲ တကယ်ဆွေးနွေးမယ်ဆိုရင် လက်နက် ကိုင်တပ်ဖွဲ့အားလုံးကို ဖိတ်ရမှာပေါ့။ အခုက လက်မှတ်မထိုးတဲ့ အဖွဲ့ကိုပဲ ရွေးဖိတ်တယ်ဆိုတော့ NCA ကိစ္စလည်း ပါနိုင်တယ်။ မြောက်ပိုင်းဒေသ အတွင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်ဆင်ကိစ္စတွေလည်း ပါနိုင်တယ်”ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးကလည်း ပြောသည်။

ပြီးခဲ့သည့် မေလကလည်း ထိုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အစည်းအဝေး ပန်ဆန်းမြို့၌ ပထမ တကြိမ်ကျင်းပခဲ့ဖူးသည်။ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ထိပ်သီးအစည်းအဝေးကို ဝ တပ်ဖွဲ့မှ နောက်ထပ်တကြိမ် ကမကထ ပြုကျင်းပမည်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဝ တပ်ဖွဲ့မှ ဦးဆောင် ဦးရွက်ပြုမည် စသဖြင့် ပါဝင်သည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...