ထိုသို့ထိုးစစ်ဆင်မှု များကြောင့် ဒေသတွင်းမတည်ငြိမ်မှုအပေါ် စစ်ဒဏ်ခံနေရသည့် လူထုအနေဖြင့် ရွေးကောက်ပွဲအပေါ် မည်မျှ စိတ်ဝင်စားမှုရှိနိုင်မည်ဟူသည်ကိုလည်း အများက အထူးစိတ်ဝင်စားနေ ကြသည်။ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလှိုင်းခမ်းက ဤကဲ့သို့ သုံးသပ်ထားပါသည်။
“ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်းအနေနဲ့ ပြောချင်တာက - အစိုးရစစ်တပ်က တိုင်းရင်းသား တပ်ဖွဲ့တွေကို ဘာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်နေတာလဲ။ အခုဆို ရွေးကောက်ပွဲလည်း နီးလာပြီ။ ကိုယ်စားလှယ်လောင်းတွေတောင် စည်းရုံးရေးဆင်းဖို့ အင်အားတောင် မရှိချင်တော့ဘူး။ ဘာကြောင့် လဲဆိုတော့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လူထုတွေ တိမ်းရှောင်နေရတယ်။ ဒီလို စစ်ပြေး ဒုက္ခသည်တွေ သုံးထောင်နီးပါး ရှိတယ်ဆိုတာ တခါမှ မကြာဖူးဘူး။ အရင်က ကချင်ကိုတိုက်တယ်။ နောက်တော့ ကိုးကန့်ကို တိုက်တယ်။ အခုလည်း သျှမ်းကို တိုက်ပြန်တယ်။ တိုက်ပွဲရပ်သွားတယ် ဆိုတာ မရှိဘူး။
ဒီမိုကရေစီနိုင်ငံလို့ ကြေညာပြီးပြီ။ ဘာကြောင့် တိုင်းရင်းသားတွေကို တိုက်နေတာလဲ။ အပစ်ရပ်လက် မှတ်မထိုးဘူးလို့ ဆိုရအောင်လည်း သျှမ်းပြည် တပ်မတော် SSPP/SSA က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးပြီ။ NCA ပဲ ကျန်တော့တယ်။ ပြည်ထောင်စုအဆင့်တောင် လက်မှတ်ထိုး ပြီးပြီ တိုက်ပွဲဆိုတာ မရှိသင့်တော့ဘူး။ NCA လက်မှတ်မထိုးလို့ ထိုးစစ်ဆင်တိုက်ခိုက်တယ်ဆိုတာ ဘောင်မဝင်ဘူး။ လက်မှတ်မထိုးဘူးလို့လည်း SSPP က မပြောပါဘူး။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးအဆင်သင့်ဖြစ်တဲ့အခါ သွားထိုးမယ်လို့ ပြောတာပဲ။ ဆန့်ကျင်တဲ့အကြောင်း မရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ ဒါကြောင့် မိဘပြည်သူကို ထိခိုက် တယ်။ မိဘပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင် ဖို့ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ မိဘပြည်သူတွေ စိတ်မဝင်စားတော့ဘူး။ ထွက်ပြေး တိမ်းရှောင်နေရလို့။ ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေးဆင်းဖို့လည်း အခက်တွေ့တယ်။ မဆင်းနိုင်ဘူး။ ဘာမှလည်း မရှင်းလင်းပြနိုင်ဘူး။ စိတ်ကျဉ်းကြပ်တာပေါ့နော်။ ဒီတိုက်ပွဲရပ်အောင် မလုပ်နိုင်ရင်တော့ လွှတ်တော် ကိုယ်စားလှယ်သွားလုပ်လည်း မထူးဘူး။ အရမ်းစိတ်ပူပါတယ်။ ဒါကြောင့် ဒီတိုက်ပွဲတွေကို ရပ်တန့် စေချင်တယ်။ နောက် ဘာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်နေတာလဲဆိုတာ ရှင်းပြဖို့လိုတယ်။ တိုက်ပွဲကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းတဲ့ နိုင်ငံလည်း မဖြစ်လာနိုင်ဘူး။
ဒီလိုသာ တိုက်ပွဲဖြစ်နေရင် ရွေးကောက်ပွဲကို မိဘပြည်သူတွေ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ ဒေသနဲ့ ရ-၈ မိုင်ကွာတဲ့ တန့်ယန်းမှာ စည်းရုံးရေးဆင်းတာတောင် မိဘပြည်သူတွေ မလာရဲကြဘူး။ ကြောက်ကြတယ်။ တကယ်လို့ လာမယ်ဆိုရင်လည်း ကျနော်တို့ ပြောသမျှ စိတ်ဝင်စား မှာ မဟုတ်တော့ဘူး။ တကယ်လို့ မိဘပြည်သူတွေက တိုက်ပွဲမဖြစ်အောင် ကိုယ်စားလှယ်လောင်း အနေနဲ့ ဘာများလုပ်ပေးနိုင်မလဲလို့ မေးလာရင် ကျနော်တို့လည်း ဘာမှ မဖြေနိုင်ဘူး။ ကျနော်တို့က ရွေးကောက်ပွဲဝင်ပြိုင်။ နောက်လွှတ်တော်ထဲဝင်ဖို့ ကြိုးစားလည်း ဒါဟာဘာမှမ ထူးတော့ဘူး။ ဒီလိုသာ တိုက်ပွဲဖြစ်နေရင်တော့။ ဒါကြောင့် တိုက်ပွဲတွေ ရပ်ရမယ်။ တိုက်ပွဲသာ ဖြစ်နေရင်တော့ မဲဆန္ဒသွားပေး ဖို့လည်း မိဘပြည်သူတွေ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။”
စိုင်းဝမ်းလှိုင်းခမ်း
လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်







