ကျိုက်မရောမြို့နယ်အတွင်း လာမည့် ရွေးကောက်ပွဲ၌ ပုံစံ(၃-က)ဖြင့် လျှောက်ထားသူများ စာရင်း မပါဘဲ တွက်ကြည့်ရာတွင် မဲပေးခွင့်ရှိသူ တစ်သိန်း ငါးသောင်းကျော်ရှိပြီး ယခု အောက်တိုဘာ ၁၀ ရက်နေ့၊ နောက်ဆုံးထား၍ လျှောက်ထား လာသူ ရွှေ့ပြောင်းလုပ်သား ၂၀၂၀ ဦးသည် မဲပေးခွင့်ရ ရှိမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးက ပြောသည်။
“ကျွန်တော်တို့ဆီမှာ ပုံစံ(၃-က)နဲ့လျှောက်ထားသူ ၂၀၂၀ ဦးရှိတယ်ခင်ဗျား။ သူတို့အားလုံး မဲပေးခွင့် ရပါတယ်။ ဒီစာရင်းကိုလည်း နောက်လ ၂ ရက်နေ့မှာ ကြေညာသွားမယ့် မဲစာရင်းမှာ ထည့်သွင်း ကြေညာပါ့မယ်။ အဲ့ဒီအခါကျမှ ဘယ်သူတွေ ပါတယ်၊ မပါဘူးဆိုတာကို ကြည့်နိုင်ပါတယ်”ဟု ကျိုက်မရောမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။
ပြည်သူများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးစေချင်ပါက ရွှေ့ပြောင်းအလုပ်သမား များ အပါအဝင် မူရင်းဒေသမှ ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ် ပြင်ပရောက် ပုဂ္ဂိုလ်များသည် မဲပေးနိုင်ရန် ပုံစံ (၃-က)ဖြင့် မဲစာရင်းပါဝင်ရေးအား သက်ဆိုင်ရာ ရောက်ရှိဒေသမှ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁၀ ရက်နေ့၊ နောက်ဆုံးထားလျှောက်ရမည် ဖြစ်သည်။
အဆိုပါကဲ့သို့ လျှောက်ထားခြင်းမရှိပါက မဲဆန္ဒနယ်ပြင်ပသို့ ရက်ပေါင်း ၁၈၀ အထက် ရောက်ရှိနေသူ များသည် မိမိမူရင်း မဲစာရင်းပါဝင်သည့် ဒေသသို့ ပြန်လည်သွားရောက် မဲပေးရမည်ဖြစ်သည်။ ယခု အခါမှာမူ ကျိုက်မရောမြို့ နယ်တွင် ရွှေ့ပြောင်းနေ ထိုင်းခဲ့ကြသူများက ပုံစံ(၃-က)ဖြင့် အောက်တိုဘာ ၁၀ ရက်နေ့၊ နောက်ဆုံးထားလျှောက်ထားခဲ့သည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် လူဦးရေ ၂၀၂၀ ဦးမှာ မဲပေးခွင့်ရ ရှိခဲ့ခြင်းဖြစ်သည်။
ကျိုက်မရောမြို့နယ်တွင် ကျေးရွာအုပ်စု ၄၄ အုပ်စာ ရပ်ကွက်ကြီး ၂ ရပ်ကွက်ရှိပြီး မဲရုံပေါင်း ၉၉ ရုံကို ၂၀၁၅ ရွေးကောက်ပွဲမှာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့ နောက်ဆုံး ကြေညာခဲ့သော မဲပေးပိုင်ခွင့်ရှိသူ အခြေခံ မဲဆန္ဒရှင်စာရင်းတွင် ကျိုက်မရောမြို့နယ်တွင် (၁၅၇၄၆၆ )ဦးရှိပြီး ပုံစံ(၃-က)ဖြင့် လျှောက်ထားသူ ၂၀၂၀ ဦး တို့၏ မဲပေးခွင့်ရှိသူစာရင်းများကို နိုဝင်ဘာ ၂ ရက်မှ ၅ ရက်နေ့အထိ ကျိုက်မရောမြို့နယ် တစ်ခုလုံးရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများ၌ ကြေညာသွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။







