တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမဲဆန္ဒနယ် (၂) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း
မေး ။ ။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာ ကိုပြောပြပေးပါ။
ဖြေ ။ ။ ကော့သောင်းမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။
မေး ။ ။ အရင်ကနိုင်ငံရေး လှုပ်ရှားမှုရှိခဲ့လား။ ရှိခဲ့ရင်ပြောပြပေးပါ။
ဖြေ ။ ။ ၂၀၁၀မှာ NLD ရပ်/ကျေးဥက္ကဌ အနေနဲ့ လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ ထားဝယ်၊ မြိတ်၊ ကော့သောင်းမှာ သိမ်းဆည်းခံနေရာတွေနဲ့ ပတ်သက်ပြီး အသနားခံစာတွေ နိုင်ငံတော်အစိုးရဆီ တင်ပြပေးတယ်။ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပြီး ပါဝင်လှုပ်ရှားပေးပါတယ်။
မေး ။ ။ NLD မှာ ရပ်/ကျေးဥက္ကဌအနေနဲ့ လုပ်ဆောင်ပြီးခါမှ အခုရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ခွဲထွက် ဝင်ပြိုင်ခဲ့ပုံကို ပြောပြပေးပါ။
ဖြေ ။ ။ ၂၀၁၀ မှာ တာဝန်ယူပြီး ၂၀၁၂ မှာ အနားယူခဲ့တာပါ။ အနားယူပြီးတော့ ထားဝယ်မှာ မြေယာသိမ်း ဆည်းခံရမှုတွေကို လိုက်လံဆောင်ရွက်ပေးတယ်။ မြေယာအရေးနဲ့ ဖြေရှင်းဆောင်ရွက်မှု အားနည်းတဲ့နေရာတွေကို ဆန္ဒထုတ်ဖော်တောင်းတဲ့ ကိစ္စတွေလုပ်ဆောင်ရင်းမှ ပါတီကခွဲထွက်ပြီး အခုရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။
မေး ။ ။ တစ်သီးပုဂ္ဂလအနေနဲ့ယှဉ်ပြိုင်ရာမှာ မဲဆွယ်ခြင်းနဲ့ မဲအောင်နိုင်ရေးအတွက် ဘယ်လိုအနေထားရှိလည်း ပြောပြပေးပါ။
ဖြေ ။ ။ အောင်နိုင်ရေးအတွက် ကောင်းတော့ကောင်းပါတယ်။ တစ်သီးပုဂ္ဂလ ဖြစ်နေတော့ ပါတီကြီးတွေနဲ့ယှဉ်တော့ ရုန်းတော့ရုန်းရတယ်။ ပါတီကြီးတွေက သူတို့မူတွေနဲ့ သူတို့သွားကြတယ်။ ကျွန်တော်ကတော့ လှုပ်ရှားမှုတွေပြောပြပြီး မဲဆွယ်ရတယ်။ နိုင်ငံရေးအနေနဲ့လုပ်ဆောင်ခဲ့တာတွေပြောပြတယ်။ လူငယ်အနေနဲ့ ကော့သောင်းမှာ ဖြစ်နေတဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရေလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးနဲ့ လူငယ်နဲ့မူးယစ်ဆေးဝါးဆိုတဲ့ အကြောင်းရာတွေနဲ့ပတ်သက်ပြီး ပြုစုထားတာ လှုပ်ရှားခဲ့တာတွေကိုရှင်းပြရင်း လွှတ်တော်ထဲရောက်ရှိခဲ့ရင် ပြည်သူတွေအကျိုးကိုဘယ်လို လုပ်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်တွေပြောဆိုပြီးစည်းရုံးရေးဆင်းခဲ့ပါတယ်။
မေး ။ ။ မဲဆွယ်စည်းရုံးရာမှာ ဘယ်လိုအခက်ခဲတွေရှိခဲ့လဲပြောပြပေးပါ။
ဖြေ ။ ။ အခက်ခဲက ငွေကြေးပြသနာပါ။ ကျွန်ေတာ်ကိုယ်တိုင်က ဆင်းရဲပါတယ်။ ဥယျာဉ် ခြံစိုက်ပျိုးပြီး တော့ဝင်ပြိုင်တာပါ။ သူများတွေမှာ လက်ကမ်းစာစောင်တွေကိုတောင် စိတ်ကြိုက်သုံးနိုင်တယ်။ ကျွန်တော်ကျတော့ အဲ့လိုအသေးဖွဲတောင် စိတ်ကြိုက်မသုံးနိုင်ဘူး။ အဲ့ဒါတွေကအခက်ခဲတွေပါ။
မေး ။ ။ မဲအောင်နိုင်ခဲ့မယ်ဆိုရင် မဲဆွယ်ရာကပြောခဲ့တဲ့ကတိကဝတ်တွေကို လွှတ်တော်ထဲတင်ပြမယ်ပြောခဲ့ပေမဲ့ တကယ်မဲအောင်နိုင်ခဲ့ရင် ဒေသအတွက်အမှန်တကယ်အကျိုးပြုမဲ့ အကြောင်းချက်တွေပြောပြပေးပါ။
ဖြေ ။ ။ တနင်္သာရီတိုင်း ကိုယ်စားပြုဖြစ်ခဲ့မယ်ဆိုရင် ကော့သောင်းနယ်ပယ်မှာ တရားဥပဒေစိုးမိုးမှုမရှိတာ တွေကို စိုးမိုးလာအောင်တင်ပြမယ်။ လူငယ်တွေနဲ့ပတ်သက်ပြီး ကော့သောင်းမှာ တက္ကသိုလ်မရှိဘူး။ ကော့သောင်းကပညာရေးက အင်မတန်နိမ့်ကျနေတယ်။ ဘွဲ့ရပေမဲ့ အလုပ်ကိုင်မရှိတဲ့အတွက် တဖက်နိုင်ငံမှာ သွားရောက်လုပ်ကိုင်နေရတာတွေရှိတယ်။ အဲ့ဒါကြောင့် လူငယ်တွေအတွက် အာမခံချက်ရအောင်လုပ်ပေးမယ် ။ မြေယာနဲ့ပတ်သက်ပြီး ခရိုနီတစ်စုက လက်ဝါးကြီးအုပ်ပြီး သိမ်းဆည်းထားတဲ့မြေယာတွေကို ပြန်လည်ဖော်ဆောင်ပြီး ပြည်သူတွေအိုးအိမ်ရရှိအောင်လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားတယ်။
မေး ။ ။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ မဲမအောင်နိုင်ခဲ့ဘူးဆိုရင်ရော အခုပြောဆိုခဲ့တာတွေကို လုပ်ဆောင်သွားဖို့ရှိလား ပြောပြပေးပါ။
ဖြေ ။ ။ ကျွန်တော်မအောင်မြင်ခဲ့ရင်တောင် ပြည်သူတွေမျက်စိရှေ့မှာခံနေရပြီဆိုရင် ကျွန်တော်အားရှိသလောက် တက်နိုင်တာတွေကိုတော့ လုပ်ဆောင်သွားအုံးမှာပါ။
ကိုယ်ရေးအကျဉ်း
အမည် - ဦးဇော်မင်းထိုက် (ခ) ဦးကျော်သူ
မွေးသက္ကရာဇ် - ၂၀.၈.၁၉၈၂
အသက် - ၃၃
ပါတီ/နိုင်ငံရေး - ၂၀၁၀ တွင် NLD ရပ်/ကျေး ဥက္ကဌ လုပ်ခဲ့ပြီး သိမ်းဆည်းခံလယ်သမားများအတွက် ဆန္ဒပြတောင်းဆိုခဲ့
လူမျိုး - ဗမာ (ထားဝယ်)
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
အလုပ်အကိုင် - ဥယျာဉ်ခြံ





