သိမ်းဆည်းရမိသော လက်နက်ခဲယမ်းမီးကျောက်များမှာ မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်ဘောက် ခုနှစ်ခု၊ ကျည်ဆံ ၂၂၂ တောင့်၊ လက်ပစ်ဗုံး နှစ်လုံးနှင့် အခြား စစ်အသုံးအဆောင် ပစ္စည်းများ ဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် စစ်တပ် The Inter Services Public Relations Directorate (ISPR) ၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သော ကြာသပတေးနေ့(အောက်တိုဘာ ၁၅ ရက်) နံနက်က လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ခိုအောင်းနေသော စခန်း တစ်ခုကို ရုံမော်မြို့နယ်အတွင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ ဝင်ရောက်စီးနှင်းစဉ် ခိုအောင်းနေသူများမှာ ထွက်ပြေးသွားပြီး ၎င်းစစ်ပစ္စည်းများမှာ ကျန်နေခဲ့သည်ဟု သိရသည်။
သို့သော်လည်း ဝင်ရောက်စီးနှင်းစဉ် တိုက်ပွဲဖြစ်ပွားမှုနှင့် အသေအပျောက်ရှိ မရှိကို ယင်းထုတ်ပြန်ချက်တွင် တစုံတရာ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
၎င်းဧရိယာတွင် ဒက္ကားမြို့မှာ လာရောက်လည်ပတ်သူ ဘင်္ဂလီအမျိုးသား ၂ ဦးနှင့် တောင်ပေါ်သား လမ်းပြ ၂ ဦးတို့ကို လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ အောက်တိုဘာ ၅ ရက်နေ့က ပြန်ပေးဆွဲထားသည်။
ယင်းပြန်ပေးဆွဲမှုကို မြန်မာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပြုလုပ်ကြောင်း ဘင်္ဂလား အာဏာပိုင်များက သံသယ ဖြစ်နေသည်ဟု သိရသည်။







