“ ဂျပန်ကိုရောက်နေကြတဲ့ မြန်မာအများစုက လက်ရှိအစိုးရကို ယုံကြည်မှုမရှိကြတဲ့အတွက် အနည်းစုကပဲ မဲပေးခွင့် ပုံစံ ၁၅ လျှောက်ထားကြပါတယ်။ လျှောက်ထားတဲ့ သူတွေထဲမှာ တစ်ချို့လည်း မဲပေးခွင့်မရကြပါဘူး။ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသား ၁၀၀ ကျော်ရှိပေမယ့် ၄ ယောက်ကပဲ ကြိုတင်မဲပေးခဲ့ကြပါတယ်” ဟု ဦးကျော်သန်းလှိုင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။
ဂျပန်နိုင်ငံတွင် ကြိုတင်မဲပေးခဲ့ကြသော ရခိုင်အမျိုးသားများမှာ စစ်တွေမှ နှစ်ဦး၊ မြေပုံမှ တစ်ဦးနှင့် ရမ်းဗြဲမှ တစ်ဦးဖြစ်ပြီး ၄ ဦးစလုံး ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့ကြသည်ဟု သိရသည်။
“ ဂျပန်နိုင်ငံမှာ ကြိုတင်မဲပေးခဲ့ကြတဲ့ ရခိုင်အမျိုးသား ၄ ဦးလုံးဟာ ရခိုင်အမျိုးသားပါတီကို မဲပေး ခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ စစ်တွေမှာဝင်ရောက်အရွေးခံကြမယ့် အမျိုးသားလွှတ်တော် အတွက်ဆိုရင် ဦးဝေစိန်အောင်၊ ပြည်သူ့လွှတ်တော်အတွက် ဦးမောင်သိန်းခိုင်နဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ နယ်မြေက ဦးအေးသိန်းတို့ကို ပေးခဲ့ပါတယ်”ဟု ဥိးကျော်သန်းလှိုင်ကပြောသည်။
ကြိုတင်မဲလျှောက်ထားခွင့် ရက်သတ်မှတ်ချက်မှာ တစ်ပတ်သာဖြစ်သဖြင့် အချိန်လုံလောက်မှု မရှိကြောင်းသိရသည်။
ကြိုတင်မဲပေးရာတွင် စာအိပ်ပေါက်ပြဲ အစွန်းအထင်းပါရှိပါက ပယ်မဲအဖြစ်အသတ်အမှတ် ခံရမည်ဖြစ်သည်။ ပေးပို့လာသော စာအိတ်များသည် ပါလွှာသဖြင့် ပေါက်ပြဲခြင်းမရှိရအောင် အထူးသတိထားရသည်ဟု သိရသည်။
မဲပေးရာတွင် ရခိုင်ပြည်နယ်အတွက် မဲပေးခဲ့ကြသော ရခိုင်အမျိုးသားများသည် အဆင်ပြေသော်လည်း တစ်ချို့တိုင်းဒေသကြီးများတွင် ကြိုတင်မဲ ၃ မဲပေးရမည့်အစား စာအိတ် ၂ အိတ်သာ လက်ခံရရှိပြီး ၂ သာပေးခဲ့ရသူများလည်းရှိသည်ဟု သိရသည်။
နိုင်ငံခြားရောက် မြန်မာများ ကြိုတင်မဲပေးရာတွင် စာအိတ်များဆုတ်ပြဲခြင်း၊ အဆင်မပြေခြင်း၊ မဲပေးရန်စောင့်စားရာ တွင် ညအိပ်စောင့်ခဲ့ရခြင်းများရှိခဲ့ကြောင်း စင်္ကပူတွင်နေထိုင်သော မြန်မာများက အွန်လိုင်းမှပြောကြားခဲ့သည်။





