IDPs စစ်ရှောင်ဒုက္ခသည်များအတွက် အကူအညီအမြန်ဆုံးပေးအပ်ရန် လက်နက်ကိုင် ၈ဖွဲ့ တောင်းဆို

IDPs စစ်ရှောင်ဒုက္ခသည်များအတွက် အကူအညီအမြန်ဆုံးပေးအပ်ရန် လက်နက်ကိုင် ၈ဖွဲ့ တောင်းဆို
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က  ပြည်တွင်းနှင့် နယ်စပ်ဒေသ IDPs များရှိ စစ်ပြေး/စစ်ရှောင် ဒုက္ခသည်များ အတွက် အစိုးရမှ လူသားချင်းစာနာထောက်ထားသော အကူအညီများ အမြန်ဆုံးပေးအပ်ရန် အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်တောင်းဆိုလိုက်သည်။

“ကျွန်တော်တို့ NCA ကို လက်မှတ်ရေးထိုးခဲ့ကြပြီးပြီ၊ ဒါပေမယ့် မျှော်မှန်းခဲ့တဲ့အတိုင်းတော့ မဟုတ်ခဲ့ ဘူးပေါ့။ အဓိကတော့ စာချုပ်ပါ သဘောတူညီချက်တွေကို နှစ်ဖက်စလုံး လိုက်နာစောင့်ထိန်းဖို့နဲ့ အကောင်အထည် ဖော်ကြဖို့ပါပဲ။ ဒါကြောင့် အခု ပြည်တွင်း စစ်ပွဲကနေ ဒုက္ခရောက်ခဲ့ကြတဲ့ စစ်ရှောင် ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီကို အစိုးရဘက် အမြန်ဆုံး ရောက်ရှိအောင် ဆောင်ရွက်ပေးဖို့တောင်းဆို ခြင်းဖြစ်ပါတယ်”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ MICC-2 တွင် တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့နှင့်အစိုးရတို့ နိုင်ငံတကာ အသိသက်သေ များနှင့် ပြည်တွင်းအသိသက်သေများ ရှေ့မှောက်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ် ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်(၈)ဖွဲ့၏ အောက်တိုဘာ ၁၈ ရက် ထုတ်ပြန်ချက်တွင် NCA ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် နှစ်ဖက်လုံးက (က) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA  အသက်ဝင်လာပြီးဖြစ်၍ ပြည်ထောင်စုတစ်ဝှမ်း လုံးသို့ သက်ရောက်မှုရှိစေရန် ပစ်ခတ်တိုက် ခိုက်မှုများ၊ ရန်လိုမှုများ လျှော့ချရပ်ဆိုင်းရန်၊ (ခ) NCA အပေါ် ဝန်ခံကတိပြုကြခြင်းဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အစိုးရနှင့် တပ်မတော်က လက်ခံခြင်း၊ ဖယ်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုကို တည်ဆောက်ရန် သဘောတူခြင်း တို့ကို ရရှိခဲ့ကြောင်း ထို့ကြောင့် NCA ကို ခိုင်မာစေ၍ ပါဝင်လက်မှတ်ရေးထိုးသူ နှစ်ဦးနှစ်ဖက်သည် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်ချောမောစွာ ကျင်းပနိုင်ရေးကို အတူတကွ အကောင်အထည်ဖော် ဆောင်ကြရန် တောင်းဆိုပါကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြည်တွင်း နှင့် နယ်စပ်ဒေသရှိ စစ်ပြေး/စစ်ရှောင် IDPs များ၊ ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများ အမြန်ဆုံးရှောက်ရှိစေရန် အစိုးရဘက်မှ ဆောင်ရွက်ပေးရန် နှင့် နိုင်ငံရေး အကျဉ်းသားများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု ကြောင့် ဖမ်းဆီးခံကြရသော ကျောင်း သား/ကျောင်းသူများ နှင့် ဝန်းရံသူများကို အမြန်ဆုံးလွှတ်ပေးရန် အလေးအနက်ထား တောင်းဆိုကြောင်း တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့က တောင်းဆိုခဲ့သည်။

“အခုဆိုရင် ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ဒုက္ခသည်က လျော့သွားတာမရှိဘူး။ တိုးလာတာပဲ ရှိတယ်။ ဒါကြောင့် စားနပ်ရိက္ခာအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လည်း လိုအပ်နေတယ်”ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဒုအတွင်းရေးမှူး ဦးအောင်နန်က ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း စစ်ရှောင်ဒုက္ခသည်များ အရေအတွက်မှာ သိန်းချီရှိနေကြောင်း သိရသည်။

အဆိုပါထဲမှ ကချင်ပြည်နယ်တွင် စစ်ရှောင် ဒုက္ခသည် တစ်သိန်း ငါးသောင်းဝန်းကျင်၊ ကရင်ပြည်နယ်တွင် တစ်သိန်းကျော်၊ ရှမ်းပြည်နယ်၌ ၂ သောင်းဝန်းကျင်း၊ချင်းပြည်နယ် ပလက်ဝ မြို့နယ်ဘက်တွင် ငါးရာဝန်းကျင်တို့ရှိကြောင်း သက်ဆိုင်ရာ စစ်ရှောင်ဒုက္ခသည်စခန်းများထံမှ သိရသည်။

လက်ရှိအချိန်မှာလည်း ရှမ်းပြည်နယ်ဘက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) နှင့် အစိုးရ တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မိုင်းရှုးဒေသဘက်မှ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်နက်ကိုင်(၈)ဖွဲ့ထုတ်ပြန်ချက်(Copy)

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...