အောက်တိုဘာ ၁၃ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ ဧည့်ရိပ်သာတွင် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် BNI သတင်းအဖွဲ့ဝင် တိုင်းရင်းသား သတင်းဌာနများ၊ ဒေသ အခြေစိုက်သတင်းဌာန တာဝန်ရှိသူများတွေ့ဆုံကာ ပုံနှိပ်ထုတ်ဝေခြင်းနှင့်သတင်းဌာနအဖြစ် ရပ်တည်ရာမှာ ကြံုတွေ့နေရသော အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဦးဇင်လင်းက “အဓိကတော့ တိုင်းရင်းသားသတင်းဌာနတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို မေးတယ်။ ပြီးတော့ တိုင်းရင်းသားသတင်းဌာနတွေရဲ့ အခက်အခဲတွေကို မေးတယ်။ ဒါကို ကျွန်တော် တို့ဘက်က ပြန်ပြီး ဆွေးနွေးတဲ့အခါမှာ MOI (ပြန်ကြားရေးဝန်ကြီးဌာန)အနေနဲ့ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးမယ်လို့ ဦးရဲထွဋ်ဘက်က ပြောခဲ့တယ်။ ဒါပေမဲ့ ဘယ်လို ကူညီမယ် ဘာတွေ ထောက်ပံ့မယ်ဆိုတာကိုတော့ အတိအကျ ပြောဆိုတာတော့မရှိဘူး။ အကြမ်း ဖျဉ်းတော့ ကူညီမယ်လို့ ပြောခဲ့တယ်။ တိုင်းရင်းသား သတင်းဌာနတွေရဲ့ လိုအပ်ချက်တွေကတော့ မတူကြဘူးပေါ့ဗျာ”ဟု ပြောသည်။
တိုင်းရင်းသားသတင်းဌာနများအနေဖြင့် သတင်းထောက်အရေအတွက် မလုံလောက်ခြင်း၊ ပစ္စည်း ကိရိယာများ မလုံလောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်းကြောင့် သတင်းများ နောက်ကျခြင်း၊ ပုံနှိမ်ထုတ်ဝေမှု အခက်အခဲများ ဖြစ်ပေါ်ခြင်း စသည့် ကိစ္စရပ်များ ဆွေးနွေးတင်ပြခဲ့ သည်ဟု တိုင်းရင်းသားသတင်းဌာနများမှ ပြောသည်။
ပြန်ကြားရေးသတင်းဌာန(MOI)မှ အဆိုပါ အခက်အခဲများကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ် သကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာန MOI မှ ပို့ချမည့် သင်တန်းများတွင်လည်း တိုင်းရင်းသားသတင်းဌာနရှိ သတင်း ထောက်များကို တက်ရောက်ခွင့်ပြုသွားမည်ဟု သဘောတူညီခဲ့ ကြောင်း၊ အကယ်၍ တိုင်းရင်းသား သတင်း ဌာနများမှ လက်ခံမည်ဆိုပါက MOI ဌာနဖက်မှ သတင်း ဖလှယ်မှုများ ပြုလုပ်သွားရန်လည်း လက်ခံပါကြောင်း ဦးရဲထွဋ်ဘက်မှ ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဝန်ကြီး ဦးရဲထွဋ်က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ဒီနေ့ မဇျ္ဓီမမီဒီယာနဲ့ပူးပေါင်းပြီး BNI အပါအဝင် တိုင်းရင်းသားမီဒီယာ အချို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဓိက ဆွေးနွေးတဲ့အချက် ကတော့ တိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘဏ္ဍရေးအရ အကူအညီပေးရေး၊ သတင်းအချက်အလက် ဖလှယ်ရေးတို့ကို ဆောင်ရွက်ရာမှာ လိုက်နာဆောင်ရွက်ရမယ့် အခြေခံမူများ၊ စံနှုန်းများကို သတ်မှတ်ဖို့ဖြစ်ပါတယ်။ အဲဒီစံနှုန်းများ သတ်မှတ်ပြီးရင်တော့ သတ်မှတ်ချက်နှင့် ကိုက်ညီတဲ့ တိုင်းရင်းသားမီဒီယာများကို ပြန်ကြားရေး ဝန်ကြီးဌာနက ကူညီပံ့ပိုးနိုင်ရေးအတွက် ဆက်လက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ရေးသား ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲသည် ပြန်ကြားရေးဝန်ကြီးဌာန နှင့် တိုင်းရင်းသား သတင်းဌာနများ ပထမဆုံး တွေ့ဆုံပွဲဖြစ်ပြီး တိုင်းရင်းသား သတင်းဌာနများဘက်မှ BNI အဖွဲ့ဝင် ကန္တာရဝတီတိုင်းမ်၊ သံလွင်တိုင်းမ်၊ ခိုနှုမ်းထုန် သတင်းဌာန၊ ပဲခူးအသံ၊ နိရဥ္ဒရာ သတင်းဌာန၊ မဇျိ္စမသတင်းဌာန၊ ချင်းဝေါလ်သတင်းဌာန စသည့် တိုင်းရင်းသား သတင်းဌာနများမှ တာဝန်ရှိသူ ၂၅ ဦး တက်ရောက် ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။







