၎င်းအမျိုးသမီးငယ် အမှုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်လူမှုအဖွဲ့အစည်းများ ညှိနှိုင်းရေးကော်မတီက အောက်တိုဘာ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတွင် ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတပ်ကြပ်နေဝင်းအောင်သည် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည်ဟု စက်တင်ဘာ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် ပ-၂၀၃/၃၇၆ ဖြင့် အမှုဖွင့်ထားသော်လည်း စက်တင်လာ ၂၅ ရက်နေ့က စစ်ခုံရုံးဖြင့် စစ်ဆေးမည်ဟုဆိုကာ တပ်မတော်မှ ဒေသဆိုင်ရာ အရာရှိများက ရဲစခန်းမှ ထုတ်ယူသွားသည်ဟု သိရသည်။
ယင်းနောက်ပိုင်း တပ်မတော်အနေဖြင့် အမှုကို ဖျောက်ဖျက်ပစ်ရန် ကြိုးစားနေသည်ဟု ပြည်သူ ကြားထဲတွင် သတင်းများထွက်ပေါ်နေခဲ့၍ အဖြစ်အမှန်အတိအကျကို သိရှိရန် ရခိုင်ပြည်နယ် လှုမှုအဖွဲ့အစည်းများ ညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
အဆိုပါညှိနှိုင်းရေးကော်မတီက အမှတ် ၁ ရဲစခန်း၊ စစ်တွေဆေးရုံကြီး၊ ဖြစ်ပွားသည့်ရပ်ကွက်ကို သွားရောက်လေ့လာပြီး အောက်တိုဘာလ ရ ရက်နေ့က ဒစကမှူးနှင့် တွေ့ဆုံပြီး ဒုတပ်ကြပ် နေဝင်းအောင် ကိစ္စကို မေးမြန်းရာ သူ့အား တပ်မတော် စစ်ခုံရုံးက မူးယစ်သောက်စားမှု၊ တာဝန် ပျက်ကွက်မှု၊ ပြည်သူကြားထဲ တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေမှုတို့ဖြင့် တရားစွဲထားသည်ဟု ပြောဆိုကြောင်း အဆိုပါကိစ္စကို လိုက်ပါဆောင်ရွက်ခဲ့သူ မြို့မိမြို့ဖ ဦးသာပွင့်က ပြောသည်။
ဒုတပ်ကြပ်နေဝင်းအောင်သည် ဝူရှူးပညာတတ်ကျွမ်းသူတစ်ဦးဖြစ်ပြီး အမ်းတွင်တာဝန်ဖြင့် သွားနေပြီး ခွင့်တိုင်ကြား ကြားခြင်းမရှိဘဲ စစ်တွေသို့ ပြန်လာစဉ် ယင်းသို့ အဓမ္မကျူးလွန်သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။
အကယ်၍ ပြစ်မှုထင်ရှားပါက မူးယစ်သောက်စားမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ တာဝန်ပျက်ကွက်မှု အတွက် ထောင်ဒဏ် ၃ နှစ်၊ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုအတွက် ထောင်ဒဏ် ရ နှစ် အကျခံရမည်ဖြစ်ပြီး၊ ထောင်ကျသည်နှင့် တပ်မတော်မှ ထုတ်ပယ်ကာ အရပ်ဘက်ထောင်သို့ ပြောင်းရွှေ့ပေးမည်ဖြစ်ကာ သူ့အား အဓမ္မပြုကျင့်မှုဖြင့် တရားစွဲပြီး အရပ်ဘက်တရားရုံးတွင် စစ်ဆေးနိုင်မည်ဖြစ်သည်ဟု သိရသည်။
အဓမ္မပြုကျင့်မှု ရှိမရှိကို သိရှိနိုင်ရန် ယခုအခါ ဓါတုဗေဒနည်းအရ စမ်းသပ်မှုပြုလုပ်နေတုန်း ဖြစ်သည်ဟု သိရသည်။
“ဓာတုဗေဒနည်းအရ စမ်းသပ်လို့ ပေါ်သည်ဖြစ်စေ၊ မပေါ်သည်ဖြစ်စေ အဓိကကတော့ ကာယကံရှင်ရဲ့ ထွက်ဆိုချက်ပဲ။ ယောက်ကျား အင်္ဂါစပ်နဲ့ မိန်းမအင်္ဂါစပ် ထိရုံနဲ့ အဲ့ဒီအမှုမြောက်တယ်လို့ ဥပဒေအရ ဆိုထားပါတယ်။ အခုက မြောက်မမြောက်ကိုတော့ မသိရသေးဘူး။ သူက ပြုကျင့်ဖို့ အားထုတ်ခဲ့တယ် ဆိုတာကို သိနေရတယ်”ဟု ဦးသာပွင့်က ပြောသည်။
တစ်ရပ်ကွက်တည်းနေပြီး သက်သေအဖြစ် လိုက်ပါလုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦးကလည်း အဆိုပါ အမျိုးသမီးငယ်က အဓမ္မပြုကျင့်ခံရကြောင်းကို ရပ်ကွက်ထဲ၊ ရဲစခန်းနှင့် တရားရုံးတို့တွင် ထွက်ဆိုထားသည်ဟု ပြောသည်။
“ကျွန်မတို့ အဲဒီလို သက်သေ လိုက်လုပ်နေတာကို တစ်ရပ်ကွက်တည်းနေ အမျိုးသမီးတစ်ဦးကနေ ပြီးတော့ ကျွန်မတို့ကို တပ်က လာဖမ်းဆိုပြီး ခြိမ်းခြောက်မှုတွေ လုပ်နေပါတယ်။ ရပ်ကွက်ထဲမှာလည်း အဲ့ဒီလိုမျိုး သတင်းလွှင့်နေပါတယ်။ ဒါပေမယ့် တပ်ထဲကဗိုလ်ကြီးကိုလည်း ကျွန်မတို့ မကြောက်မရွံ့ဘဲ အမှန်တိုင်း ဖြေခဲ့ပါတယ်။ ဒီလိုမျိုး အမျိုးသမီးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်တာကို ကျွန်မတို့ သည်းမခံနိုင်ဘူး။ တပ်ကဖမ်းပြီးထောင်ချရင် ကျွန်မတို့ခံရဲတယ်”ဟု သက်သေအမျိုးသမီးတစ်ဦးက ပြောသည်။
ဤသို့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေစဉ် အဓမ္မပြုကျင့်ခံရသည်ဟု ယူဆရသော အမျိုးသမီးငယ်သည် နာမကျန်း အသည်းအသန်ဖြစ်၍ ရခိုင်ပြည်နယ်အစိုးရနှင့် လူမှုအဖွဲ့အစည်းများ စီစဉ်မှုဖြင့် အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ ကလေးဆေးရုံသို့ ပို့ထားရသည်ဟု သိရသည်။
အဆိုပါ အမျိုးသမီးငယ်သည် မိခင်ဖြစ်သူ သွေးကင်ဆာဖြင့် သေဆုံးကတည်းက စိတ်ဝေဒနာကို ခံစားခဲ့ရပြီး အဟာရချို့တဲ့သည့်ရောဂါကို ခံစားနေရသူတစ်ဦးဖြစ်သည်ဟု သိရသည်။
အဆိုပါအမျိုးသမီးငယ် ရန်ကုန်တွင် ဆေးကုရန်ကိစ္စအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၁၀ သိန်းကျပ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံမှ ၅ သိန်းကျပ်၊ ဒစကမှူးထံမှ ၂ သိန်းကျပ်နှင့် ပြည်နယ်ရဲမှူး ကြီးထံမှ ၁ သိန်းနှစ်သောင်းကျပ်အကူအညီပေးထားပြီး၊ နိရဥ္စရာ သတင်းဌာ အယ်ဒီတာချုပ် ခိုင်မြတ်ကျော်မှလည်း အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် စစ်တွေဆေးရုံကြီးတွင် သွားရောက် သတင်းမေးမြန်းစဉ်က မိသားစုသို့ ကျပ်ငွေ သုံးသောင်း ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
အဆိုပါလူနာကို စောင့်ရှောက်ရန် အစ်မဖြစ်သူတစ်ဦးနှင့် ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန် လိုက်ပါသွားသည်ဟု သိရသည်။
အဆိုပါ ရှင်းလင်းပွဲသို့ ရဟန်းသံဃာတော်များ၊ လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် စိတ်ပါဝင်စားသူများက တက်ရောက်ခဲ့ကြသည်။







