အခမ်းအနားတွင် စစ်တွေမြို့ အဝေးသင် တက္ကသိုလ်တွင် စာမေးပွဲဖြေဆိုနေသော မြို့နယ်အသီးသီးမှ ကျောင်းသား ၁၅ ဦးနှင့် တောင်ကုတ်အဝေးသင်တက္ကသိုလ်တွင် စာမေးပွဲဖြေဆိုနေသော မြို့နယ် အသီးသီးမှ ကျောင်းသား ရ ဦး စုစုပေါင်း ၂၂ ဦးတို့ကို တစ်ဦးလျှင် ၁ သိန်းခွဲကျစီ ထောက်ပံ့ကြေး ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ဒီနှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ဖို့ လျှောက်လွှာခေါ်ယူလိုက်တဲ့အခါမှာ ၈၇ စောင်ရရှိ ခဲ့ပါတယ်။ အဲ့ဒီကျောင်းသားတွေကို ကွင်းဆင်းလေ့လာပြီးတော့ အဲ့ဒီအထဲက ကျောင်းသား ၂၂ ဦးကို ရွေးချယ်ပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်”ဟု အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ အမ်းသားကြီးက ပြောသည်။
၂၀၁၄ ခုနှစ်တွင်လည်း အဝေးသင် တက္ကသိုလ်ကျောင်းသား ၁၀ ဦးကို ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ပြီး ယင်းအထဲမှ ရ ဦး စာမေးပွဲအောင်မြင်ခဲ့သည်ဟု သိရသည်။
သင်္ဂဟ ကမ်းလက် ရက္ခိတအဖွဲ့အနေဖြင့် အဝေးသင် တက္ကသိုလ်ကျောင်းသားများကို ငွေကြေး ထောက်ပံ့ပေခြင်း အပြင် လွန်ခဲ့သည့်နှစ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုရာတွင် ငွေကြေးအခက်အခဲ ရှိခဲ့သော မောင်တောမြို့နယ် နံသာတောင်ကျောင်းအတွက် ကျပ် (၂၀) သိန်း ထောက်ပံ့ခဲ့သည်ဟု သိရသည်။
ယင်းအပြင် ရေဘေးသင့်ပြည်သူများအတွက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် အမ်းမြို့နယ်ရှိ ကျေးရွာများအားလည်း အကူအညီပေးခဲ့သည်ဟု သိရသည်။
သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ကို ပြည်တွင်းပြည်ပရှိ ပရဟိတအလုပ်ကိုစိတ်ဝင်စားသူများဖြင့် ဖွဲ့စည်း ထားသည်ဟု သိရသည်။
အဖွဲ့၏ နယကအဖွဲ့ဝင်များမှာ ဒေါက်တာဦးသီလဝံသ၊ ဒေါက်တာဦးဝဏ္ဏ၊ ဦးသုစိတ္တနှင့် အကြံပေး အဖွဲ့ဝင်များမှာ ဦးထွန်းဝင်းစိုး၊ ဦးအေးကျော်၊ ဒေါ်ညိုညို၊ ဦးသန်းညွန့်လှိုင်နှင့် ဦးဇော်အောင်ထွန်းတို့ ဖြစ်ကြသည်။
အဖွဲ့၏ ဥက္ကဋ္ဌမှာ အမ်းသားကြီးဖြစ်ပြီး ကိုဝင်းထွန်းက ဒုဥက္ကဋ္ဌ (၁)၊ ကိုစိုးနိုင်က ဒုဥက္ကဋ္ဌ (၂)နှင့် ဦးကျော်ဌေးက အတွင်းရေးမှူးဖြစ်ကြောင်း သိရသည်။
အဝေးသင်တက္ကသိုလ်ကျောင်းသားများအား ထောက်ပံ့ငွေပေးအပ်ပွဲသို့ သံဃာတော်များ၊ ရခိုင် အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ရဲတာဝန်ခံ ရဲမှူးကြီးနေမျိုး၊ မြို့မိမြို့ဖများ၊ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့သို့ ရခိုင်ပြည်နယ်ရဲတာဝန်ခံ ရဲမှူးကြီးနေမျိုးမှ ၁ သိန်းကျပ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင် ဆရာတော်မှ ၁ သိန်းကျပ်နှင့် ကျောက်တော်မြို့ အထက်တန်းကျောင်းမှ ဆရာမ ဒေါ်ကျော့ကျော့ဝေက ၅ သောင်းကျပ် လှူဒါန်းခဲ့ပြီး သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ရွှေကရုဏာ ဆေးခန်းသို့ ၅ သောင်းကျပ် လှူဒါန်းခဲ့သည်။







