မြန်မာအစိုးရ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၅) အောက်တိုဘာ ၁၂ ရက်နေ့စွဲဖြင့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့ကို မတရား အသင်းကြေညာထားခြင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “ပြည်ထဲရေးဝန်ကြီးဌာနက NCA လက်မှတ်ထိုးမယ့် အဖွဲ့ ၈ ဖွဲ့ထဲက သုံးဖွဲ့ကို မတရားအသင်းအဖြစ် ကြေညာထားခြင်းနဲ့အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထား ခြင်းကနေ ပယ်ဖျက်တဲ့ အမိန့်ကြော်ငြာစာများကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ကျန်တဲ့ငါးဖွဲ့က တော့ မူလထဲက မတရားအသင်းကြေညာ ထားခြင်းမရှိတဲ့အတွက် ပယ်ဖျက်မိန့်ထုတ်ပြန်ခြင်း မရှိပါဘူး”ဟု သူ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်ရှင်းစင်တာ (MICC-2)၌ ပြည်တွင်း ပြည်ပအသိသက်သေများကို ဖိတ်ခေါ်၍ တိုင်းရင်းသား လက်နက်ကိုက်(၈)ဖွဲ့ နှင့် အစိုးရတို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲမတိုင်မီ ၃ ရက်အလိုတွင် အစိုးရမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)လက်မှတ်ရေးထိုးမည့် လက်နက်ကိုက်အဖွဲ့များကို မတရားအသင်းကြေညာထားခြင်းမှ ပယ်ဖျက်ပေးမည်ဟု အောက်တိုဘာ ၄ ရက်နေ့က လက်နက်ကိုင်(၈)ဖွဲ့ နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ဦးလှမောင်ရွှေက ပြောသည်။
ထို့အတူ NCA လက်မှတ်ရေးထိုးပြီးပါက စာချုပ်ပါ သဘောတူညီချက်များအရ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဖြစ်သည့်အတွက် ဒီမိုကရေစီ နှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်များနှင့်အညီ တည်ဆောက်သွားမည်ဖြစ်ဟု KNU က အောက်တိုဘာ ၁၂ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
“ကျွန်တော်တို့ NCA လက်မှတ်ထိုးပြီးရင် စာချုပ်ပါ သဘောတူညီချက်တွေအတိုင်း နိုင်ငံရေးမူဘောင် ရေးဆွဲကြမယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ်။ဒါကြောင့် ဒီနိုင်ငံရေးဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာမယ့် ရလာဒ်တွေကို အခြေပြုပြီးတော့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောရခြင်းဖြစ်ပါတယ်”ဟု KNU မှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
လက်မှတ်ရေးထိုးကြမည့် တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့တွင် KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ပအို၀်း အမျိုးသားလွတ်မြောက််ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့ ပါဝင်သည်။
ပုံစာ - မတရားအသင်းမှ ပယ်ဖျက်ခြင်းအမိန့်ကြေညာချက်(Internet)







