၂၀၁၅ အလွန် ချင်းပြည်နယ်ဝန်ကြီးချုပ်ဘယ်သူဖြစ်လာနိုင်မလဲ

၂၀၁၅ အလွန် ချင်းပြည်နယ်ဝန်ကြီးချုပ်ဘယ်သူဖြစ်လာနိုင်မလဲ
by -
ချင်းဝေါလ်
Salai Hung Tun Gei - တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးအပ်ခြင်း၂၆၁။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်။(၁) အသက် (၃၅) နှစ်ပြည့်ပြီးသူ(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ (၁၂၀) တွင်ဖော်ပြထားသည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူ(၃) ပုဒ်မ (၁၂၁) တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဌန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ။(၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။(၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ မှ)
DSC01042 275x288
လက်ရှိ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း

လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆၀) ကာလကျော်နောက်ပိုင်း ၂၀၁၀ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ် အဖြစ် ပြောင်း လဲလာပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် ပထမဦးဆုံးဝန်ကြီးချုပ် ရှိလာခဲ့သည်။ ဝန်ကြီးချုပ်ပိုင်ဆိုင်လာနိုင်ခဲ့သော်လည်း မိမိလူထု၊ လွှတ်တော်မှရွေးချယ်တင်မြှောက် ပိုင်ခွင့်ကိုမူ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကန့်သတ်ထားသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ရွေးချယ်ခန့်အပ်သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁ တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသည့် သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်ဖြစ်ပြီး အဆိုပါလွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့ပြီး သဘောတူညီချက်ရယူရမည်ဟုပါရှိ သည်။ နိုင်ငံတော်သမ္မ တမှ တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်မှ သတ်မှတ်ထားသည့် အရည်အချင်း မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာလွှတ်တော်မှ နိုင်ငံတော်သမ္မတမှ အမည်စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေ ရဟု အခြေခံဥပဒေပုဒ်မ (၂၆၁) အပိုဒ်ငယ် (ဃ) တွင်အတိအလင်းဖော်ပြထားသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီး ချုပ်လုပ်ဆောင်ရမည့် ပုဂ္ဂိုလ်များအနေဖြင့် အသက်(၃၅) ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အရည်အချင်းများနှင့်လည်း ကိုက်ညီရမည်ဖြစ်သည်။ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးအနေဖြင့် အသက် (၂၅) ပြည့်ပြီးသူ၊ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသည့် နိုင်ငံသား ဖြစ်သူ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရသည့်အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတွင် အနည်းဆုံး (၁၀)နှစ် အခြေချနေထိုင်ခဲ့သူဖြစ်ရမည် ဖြစ်သည်။ ခြွမ်းချက်အနေဖြင့် နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကို နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလအဖြစ် ထည့်သွင်းနိုင်သည်။

ဝန်ကြီးချုပ်အဖြစ် သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးပြီးလျှင် ခန့်အပ်ခြင်းခံရသည့် ဝန်ကြီးချုပ်မှ မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်မှ ရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းကို သက်ဆိုင်ရာ လွှတ်တော်၏သို့ တင်သွင်းပြီး သဘောတူညီ ချက်ရယူကာ အစိုးရအဖွဲ့ကိုဖွဲ့စည်းရမည်ဖြစ်သည်။ အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးများကို သတ်မှတ်ထားသည့် အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ဝန်ကြီးချုပ်မှ အမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်များအား ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိကြောင်း အခြေခံဥပဒေပုဒ်မ ၂၆၂ အပုဒ်ငယ် (ဂ) တွင်ဖော်ပြထားသည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စု အဆင့်တွင် အစိုးရဖွဲ့နိုင်ခဲ့ပြီး ပါတီဥက္ကဌဦးသိန်းစိန် နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်မှ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ရန် သက်ဆိုင်ရာ လွှတ်တော် သို့အမည်တင်သွင်းရပြီး သဘောတူညီချက်ရယူရမည်ဆိုသည့် အတိုင်းချင်းပြည်နယ်တွင် မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)မှ အနိုင်ရခဲ့သည့် ချင်းပြည်နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဟောင်း ဗိုလ်မှုးချုပ်ဟုန်းငိုင်းအား အမည်စာရင်းတင်သွင်းခဲ့ ပြီး ဦးဟုန်းငိုင်းသည် ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးဟုန်းငိုင်းဖြစ်လာခဲ့သည်။

ဦးဟုန်းငိုင်းမှတဆင့် ချင်းပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပြည်နယ်လွှတ်တော်နေရာများတွင် ပလက်ဝမြို့မှအနိုင်ရခဲ့ သည့် ဦးကျော်ငြိမ်းအား သစ်တော ဝန်ကြီးအဖြစ်၊ မင်းတပ်မြို့နယ်မှ အနိုင်ရသည့် ဦးနိန်နိုင်းအား စည်ပင်ဝန်ကြီးအဖြစ်၊ တွန်းဇန်မြို့နယ်မှ အနိုင်ရခဲ့သည့် ဦးနန်ဇမုန်အား ဘဏ္ဍာရေးဝန်ကြီးအဖြစ်၊ တီးတိန်မြို့တွင်အနိုင်ရခဲ့သည့် ကျင်လမ်ပေါင်အား လျှပ်စစ်ဝန်ကြီးအဖြစ်၊ ဟားခါးမြို့နယ်မှအနိုင်ရခဲ့သည့် ဦးရမ်မန်းအား စီးပွားရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းပြီး ခန့်အပ်တာဝန်ပေးခဲ့ကြ သည်။ ရွေးကောက်ပွဲမှ အရွေးချယ်မခံရသည့် ဦးငွန်ဆန်းအောင်အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ်၊ ဒေါက်တာဘမောင်အား လူမှုရေးဝန်ကြီးအဖြစ်၊ ဦးဗန်ထောင်း အား စိုက်ပျိုးရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်မှ တင်သွင်းသည့် ဗိုလ်မှူးကြီး ဇော်မင်းဦး အပါအဝင် ချင်းပြည်နယ်အစိုးရအဖွဲ့တွင်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဆယ်ဦး ရှိသည်။

ချင်းပြည်နယ်ကို အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်ဦးဟုန်းငိုင်းသည် ၂ဝဝ၇ ခုနှစ်ကတည်းက ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) ဥက္ကဌအဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၆ မတ်လအထိ ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိရာ ယခုနှစ် (၂၀၁၅) ရွေးကောက်ပွဲတွင် ပြန်လည်အရွေးချယ်ခံရပါက ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်မည့်နှစ်ကာလကို ရေတွက်ပါက (၁၄)နှစ်အကြာ တာဝန်ထမ်းဆောင်ခွင့် ရရှိမည် ဖြစ်ပြီး ချင်းသမိုင်းတစ်လျှောက် ချင်းပြည်နယ်ကို အုပ်ချုပ်ခဲ့သူများထဲတွင် သက်တမ်းအကြာဆုံး ဖြစ်လာမည်ဖြစ်သည်။ သို့သော် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတမှ ရွေးချယ်ခန့်အပ်ရသည်ဖြစ်ရာ ကြံ့ခိုင်ရေးပါတီမှ လာမည့်ရွေးကောက်ပွဲအလွန်တွင် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရန်လိုအပ်သည်။ တပ်မတော်နှင့် ညီအစ်ကိုပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီ အနေဖြင့် ပြည်ထောင်စုလွှတ်တော်နေရာတွင် ၂၆ ရာခိုင်နှုန်း အနိုင်ရရုံဖြင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းဖြင့် ပေါင်းပြီး စုစုပေါင်း ၅၁ ရာခိုင်နှုန်းဖြင့် အစိုးရ ဖွဲ့နိုင်မည့် အခွင့်အရေးရှိသည်။ လက်ရှိ နိုင်ငံတော် သမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မဝင်သော်လည်း ကြံ့ခိုင်ရေးပါတီမှ သမ္မတလောင်းအဖြစ် ဦးသိန်းစိန်အား မတင်သွင်းသည့်တိုင် တပ်မတော်သားကိုယ်စားလှယ်များမှ သမ္မတလောင်းအဖြစ် လွှတ်တော်တွင် ရွေးချယ်တင်သွင်းမည်ဟု နိုင်ငံရေး သုံးသပ်သူများမှ ခန့်မှန်း ထားကြသည်။ ကြံ့ခိုင်ရေးပါတီမှ လာမည့်ရွေးေ ကာက်ပွဲတွင် ၂၆ ရာခိုင်နှုန်း မနိုင်လျှင်ပင် ဦးသိန်းစိန် သမ္မတပြန်လည်ဖြစ်ခွင့်ရသည့် အနေအထားဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးဦးနိန်နိုင်းက “ချင်းပြည်နယ်အနေအထားနဲ့ တွက်မယ် ဆိုရင် သူက အုပ်ချုပ်ရေးစွမ်းရည်ပြည့်ဝတယ်လို့ ပြောလို့ရတယ်။ သူ့နေရာကို အစားထိုးဖို့လည်း လူရှားသေးတယ်။ ကျွန်တော်တို့ပါတီ အနိုင်ရမယ်ဆိုရင်တော့ သူပြန်လုပ်ရဖို့က သေချာတယ်။ ပြိုင်ဖက်ပါတီကလည်း အနိုင်ရနိုင်ခဲ့မယ်ဆိုရင်တောင် သူ့လောက်အတွေ့ အကြုံရှိသူကမရှိတော့ တခြားပါတီက အနိုင်ရလာမယ်ဆိုရင်တောင် သူ့ကိုတော့ စဉ်းစားမယ်လို့ထင်တယ်။ သူ့လိုမျှမျှတတ၊ ပြတ်ပြတ်သားသားနဲ့လုပ်နိုင်မယ့် သူတော့ ရှားမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒေသစွဲတွေ၊ ဘက်လိုက်မှုတွေက အနည်းနဲ့ အများတော့ ရှိမှာပဲ။ သူ့ကို ဆက်လုပ်စေချင်တဲ့သူတွေလည်း ရှိတယ်။ လက်နက်ကိုင်အုပ်စုကလည်း သူ့ကို ဆက်လုပ်စေချင်တာမျိုးရှိတယ်လို့ သူတို့တွေ စကားပြောတုန်း ကလည်း သိရတယ်။ အခုသူယှဉ်ပြိုင်မယ့်မဲဆန္ဒ နယ်မြေမှာ ဆိုရင်လည်း လူပုဂ္ဂိုလ်အရ၊ အတွေ့ အကြုံအရ ယှဉ်နိုင်တဲ့ သူက မရှိတော့ ရွေးကောက်ပွဲမှာလည်း ပြန်အနိုင်ရခြေရှိတယ်လို့ ထင်တယ်။ သူကိုယ်တိုင်က ဆက်လုပ်ချင်သလားတော့ မသိဘူး”ဟု ချင်းပြည်နယ်ဝန်ကြီးချုပ်အပေါ် သူ၏ အမြင်ကို သုံးသပ်ပြောကြားသည်။

ချင်းပြည်နယ်လွှတ်တော်နေရာအတွက် တစ်မြို့နယ်လျှင် ကိုယ်စားလှယ်လောင်း (၂) ဦးစီဖြင့် မြို့နယ်ကိုးမြို့နယ်မှ (၁၈) ဦး၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအတွက် တပ်မတော်သား ကိုယ်စားလှယ် (၆)ဦး၊ စုစုပေါင်း (၂၄) ဦး ရှိမည်ဖြစ်သည်။ ချင်းပြည်နယ်လွှတ်တော် (၁၈) နေရာ အားလုံး ယှဉ်ပြိုင်မည့်ပါတီမှာ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးပါတီတို့သာ ရှိရာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေးထားချက်အရ ကြံ့ခိုင်ရေးပါတီမှသာ ချင်းပြည်နယ်ဝန်ကြီးချုပ်နေရာကို ပြန်လည်ရရှိရန် အလားအလာအကောင်းဆုံး ဖြစ်နေပါသည်။ သူရဦးရွှေမန်းနှင့် ၎င်းအားထောက်ခံသည့် ပုဂ္ဂိုလ်များကို ပါတီခေါင်းဆောင်ပိုင်းမှ ဖယ်ရှားပြီး အသစ် ပြန်လည်ဖွဲ့စည်းသည့် ကြံ့ခိုင်ရေးဗဟိုကော်မတီတွင်လည်း ပါဝင်နေသူ တစ်ဦးဖြစ်သည်။ လက်ရှိ ချင်းပြည်နယ်ဝန်ကြီးချုပ်အနေဖြင့်လည်း မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂)တွင် ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ရာ ဦးဟုန်းငိုင်းအနေဖြင့် အလားအလာ အကောင်းဆုံး ဖြစ်နေပါသည်။ လက်ရှိ သမ္မတဦးသိန်းစိန်အနေဖြင့် သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံရပါက ချင်းပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် ဦးဟုန်းငိုင်းသာ ပြန်လည်ခန့်အပ်ခြင်းခံရဖို့ အလားအလာ အများဆုံး ဖြစ်နေပါသည်။ ချင်းပြည်နယ် လွှတ်တော်တွင် ချင်းပါတီများမှ အမတ်နေရာ အများစုရရှိမည် ဆိုလျှင်လည်း ဝန်ကြီးချုပ်နေရာကို ရရှိနိုင်ဖွယ်မရှိသော်လည်း ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရ အဖွဲ့ကို ယခင်ထက်ပိုပြီး ဝေဖန်ထောက်ပြမှု၊ ထိန်းကျောင်းမှု အလားအလာ ပိုရှိလာနိုင်ဖွယ်ရှိသည်။

၂၀၁၀ နောက်ပိုင်း ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ်ဟုန်းငိုင်း ဖြစ်လာခဲ့ပြီးနောက်ပိုင်းတွင် ငါးနှစ်တာကာလအတွင်း ဝန်ကြီးချုပ်၏ စီမံခန့်ခွဲမှုများအပေါ် အတိုက်အခံပါတီများနှင့် လူမှုအဖွဲ့ အစည်း အချို့၊ ဒေသခံ မီဒီယာအချို့က ဝေဖန်မှုများ၊ စွပ်စွဲမှုများရှိခဲ့သည်။ ချင်းပြည်နယ်ဝန်ကြီးချုပ်၏ ငါးနှစ်တာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုများအပေါ် ဝေဖန်မှုများ၊ သုံးသပ်မှုများနှင့် ၂၀၁၅ အလွန်တွင် မိမိလို ချင်သည့်၊ ဖြစ်စေလိုသည့် စီမံဆောင်ရွက်မှုများကိုလည်း ရင်ဖွင့်ပြောဆိုမှုများရှိလာပါသည်။ မကြာခင် က ဖြစ်ပွားခဲ့သည့် ချင်းပြည်နယ်နှင့် ချင်းပြည်သူများကြားတွင် ဆိုးရွားစွာ သဘာဝဘေးခံစားသည့် အတွက် အဆိုပါ ကိစ္စများတွင်လည်း ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လူထုအကြား ပြဿနာအချို့ ရှိခဲ့သည်။ ဟားခါးမြို့နယ်တွင် သဘာဝဘေးကြောင့် ဒုက္ခရောက်နေကြသူများတွက် နေရာပြန်လည် ချထားရေးအတွက် မြေပြဿနာအရေးကြောင့် မြို့မိမြို့ဖအချို့မှ Hakha Post စာစောင်မှတစ်ဆင့် နောင်သက်တမ်းမျိုးတွင် ဝန်ကြီးချုပ်အဖြစ် လက်မ ခံနိုင်တော့သည့် အနေအထားအထိ ပေးစာကဏ္ဍ တွင် ဝေဖန်မှုများရှိခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာ ယှဉ်ပြိုင်မည့် ဦးငယ်ပီးက လက်ရှိ ချင်းပြည်နယ်ဝန်ကြီးချုပ် အပေါ်သုံးသပ်ရာတွင် “ပုဂ္ဂိုလ်ရေးအရတော့ လူရိုးလူကောင်းတစ်ဦးပါ။ တစ်ဖက်က ဒီမိုကရေစီစနစ်ကိုဖော်ဆောင်တဲ့စနစ်မှာတော့ လူထုနဲ့ဆက်ဆံတဲ့ အပိုင်းမှာတော့ အားနည်းချက်တွေရှိတယ်လို့မြင်တယ်။ မီဒီယာနဲ့ ဆက်ဆံတာမျိုးပိုင်း မှာလည်း အားနည်းတယ်လို့ မြင်တယ်။ သူဝန်ကြီးချုပ်ထပ်ဖြစ်နိုင်မလားဆိုတာနဲ့ ပတ်သက်ရင်တော့ အခုအထိ သမ္မတက ဘယ်သူ ဖြစ်လာနိုင်မလဲဆိုတာကတော့ မသေချာသေးဘူး။ အရင်ဆုံးရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုတယ်။ ပြီးတော့ ချင်းပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက ၁၃ ဦးအထိ အနိုင်ရဖို့ လိုတာပေါ့။ အဲဒီ လောက်မရဘူးဆိုရင်တော့ ၁၃ နေရာလောက် အနိုင်ရတဲ့ပါတီက ထိန်းချုပ်နိုင်ခွင့်ရှိတာပေါ့”ဟု ဆိုသည်။

ဇိုမီးဒီမိုကရေစီအဖွဲကချုပ် အတွင်းရေးမှုး အန်ထော်နီကလည်း “သမ္မတက ဘယ်သူဆိုတာကို ရွေးတာ ဆိုတော့ ကျွန်တော်တို့အနေ နဲ့ ရွေးချယ်ပိုင်ခွင့်မှမရှိနိုင်တာ။ ၂၀၁၅ အလွန်မှာတော့ အားလုံးကို ခြုံပြီးကြည့်ပေးနိုင်တဲ့ သူမျိုးဖြစ်စေချင်တာပေါ့။ ဝန်ကြီးချုပ်အနေ နဲ့ ပြည်နယ်တစ်ခုလုံးကို ခြုံငုံတဲ့ သူမျိုးဖြစ်ရမှာပေါ့။ မျိုးနွယ်စု၊ ကိုယ့်နယ်မြေလောက်ကို အာရုံစိုက်တဲ့ သူမျိုး မဖြစ်တာမျိုး ဖြစ်စေချင်ပါတယ်”ဟု ပြောသည်။

ချင်းပြည်နယ်လွှတ်တော်အမတ် ပူးရိုဘင်ကလည်း ချင်းပြည်နယ်ဝန်ကြီးချုပ်၏ ငါးနှစ်အတွင်း စီမံခန့်ခွဲမှုအပေါ် “ဘတ်ဂျက်ကိစ္စလိုမျိုးဆိုရင် သူမြို့နယ်တိုင်းကို မျှမျှတတပေးပါတယ်။ ဒါပေမယ့် ပလက်ဝလိုမျိုး ပိုခက်ခဲတဲ့နေရာမျိုးကိုကျတော့ မြို့နယ်တိုင်းကို မျှမျှတတပေး မယ်ဆိုရင်တောင် သူကပိုပြီး ဂရုစိုက်ရမယ့် အပိုင်းတော့ ရှိတာပေါ့။ ဒါမျိုးလေးတွေမှာတော့ နည်းနည်းအားနည်းတာပေါ့” ဟု ပြောသည်။

Cho(Chin) Development ဥက္ကဌဟောင်း ဦးရှယ်အောင်ကလည်း “ကျွန်တော့အမြင်ကို ပြောရမယ် ဆိုရင် ဝန်ကြီးချုပ်ကို ငါးနှစ်သက် တမ်းအတွင်မှာတော့ အားလုံးသိတဲ့အတိုင်း သိပ်အားမရဘူးပေါ့။ ကိုယ့်ဒေသဖက်ကို အခြေခံပြောမယ်ဆိုရင် ကျွန်တော်တို့ပြည် သူလူထုတွေ၊ လူမှုအဖွဲ့အစည်းတွေက လူထုတွေကြားထဲ ကွင်းဆင်းပြီးဆောင်ရွက်တင်ပြတဲ့ဟာ တွေကို ဂရုမစိုက်တာတွေတစ်ခုမှ မရှိဘူးလေ။ ကျွန်တော်တို့က လူထုကိုယ်စားလှယ်အဖြစ် ရွေးချယ်ပြီး ရပ်တည်ပေးတဲ့အတွက် သူတို့က ဝန်ကြီးချုပ်အဖြစ် စွမ်းဆောင်နိုင်မယ် လို့ယုံကြည်ထားတဲ့သူတွေပဲလေ။ နောက်သက်တမ်း မှာတော့ ဝန်ကြီးချုပ်က တကယ်ရိုးသားဖြောင့် မတ်ပြီး ဖက်မလိုက်တဲ့ သူမျိုးဖြစ်စေချင်တယ်။ အဓိကတော့ ချင်းလူမျိုးဖြစ်ဖို့ လိုတယ်။ ချင်းလူမျိုး မဖြစ်ရင် လက်ခံနိုင်စရာ အကြောင်းမရှိဘူး”ဟု သုံးသပ်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းမရှိသေးသည့်အတွက် လက်ရှိဝန်ကြီးချုပ် ဦးဟုန်းငိုင်း အနေဖြင့် ၎င်း၏ မင်းတပ်မြို့နယ်တွင် အနိုင်ရုံဖြင့် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် အခွင့်အရေးများနေသည့် အခြေအနေတွင် ရှိနေပါသည်။

လာမည့် ရွေးကောက်ပွဲအလွန်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာမည့်သူ အနေဖြင့် လူမှုအဖွဲ့အစည်းများ၊ အတိုက်အခံများ၊ မီဒီယာများ ၏ ဝေဖန်ထောက်ပြမှုများကို အလေးထား ဖြေရှင်းပေးရန် ပိုမိုလိုအပ်ကြောင်း လူမှုအဖွဲ့အစည်းများ၊ အတိုက်အခံ နိုင်ငံရေးပါတီများ၏ မှတ်ချက်များမှ သက်သေပြနေပါသည်။

ပုံစာ- လက်ရှိ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...