“ဟုတ်ပါတယ်ဗျာ။ ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ကျောက်တော်ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူပေါင်း ၁၈ ဦး အထဲက ၈ ဦးကို ကျောက်တော်မြို့နယ် တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့ပါတယ်”ဟု ကျောက်တော်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ ဒုရဲအုပ် ဌေးဇော်က နိရဥ္စရာသို့ ပြောဆိုသည်။
ရုံးထုတ်သူရှစ်ဦးထဲတွင် စောနိုင်၊ မောင်သန်းဝေ၊ ထွန်းဝင်း၊ ဦးဘမောင်နှင့် ထွန်းစိုးနိုင်တို့ ပါ၀င်သည်ဟု သိရသည်။
“သူတို့ကို မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ အောက်တို ဘာလ ရ ရက်နေ့မှာလည်း နောက်ထက် နှစ်ယောက်ကို ရုံးထုတ်မှာ ဖြစ်ပါတယ်”ဟု ဒုရဲအုပ် ဌေးဇော်က ပြောသည်။
ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှု စွဲချက်ဖြင့် ယခုနှစ် ဧပြီလ အတွင်းက လူပေါင်း (၃၀) ကျော်ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အချို့ကို ပြန်လွှတ်ကာ ကျန် လူပေါင်း ၂၀ ခန့်ကို ကျောက်တော်ရဲစခန်းသို့ လွဲပြောင်းပေးခဲ့သည်။
ယင်းအထဲမှ မင်းပြားမြို့နယ် လဟာကျယ်ကျေးရွာအုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သူများကို ကူညီထောက်ပံ့မှု ပုဒ်မ ၁၇ (၁)ဖြင့် လွန်ခဲ့သော စက်တင်ဘာလ ၂၈ ရက်နေ့က အလုပ်နှင့် ထောင်သုံးနှစ် ချမှတ်ခဲ့သည်။
၎င်းထောင်ချမှုမှာ သက်သေအထောက်အထား ခိုင်လုံမှု မရှိဟုဆိုကာ မြောက်ဦးခရိုင်တရားရုံးတွင် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း သူအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန်က နိရဥ္စရာသို့ ပြောဆိုသည်။







