အမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) မဲဆန္ဒနယ်မြေတွင် မဲဆွယ်စည်းရုံးကို အောက်တိုဘာလ ၄ ရက်နေ့က စတင်လိုက်ပြီးနောက် မေးမြန်းစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်ခင်လှရီက “ကျွန်မအနေနဲ့ ပြည်သူလူထုနဲ့ ဆက်ဆံထိတွေ့မှုကို သုံးသပ်တဲ့ အခါမှာရော၊ ပြည်သူလူထု ထောက်ခံကြိုဆိုမှုကို ကြည့်တဲ့ အခါမှာရော ကျွန်မအနေနဲ့ နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်”ဟု ပြောဆိုသည်။
ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မာင်အုန်းနှင့် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေတွင် သူမ မဲဆွယ် စည်းရုံးရေး လုပ်နေပုံကိုလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်လှရီက ယခုလို ပြောဆိုသည်။
“ကျွန်မအနေနဲ့ လူထုယုံကြည်မှုကိုတော့ ရထားပါပြီ။ ရခိုင်ပြည်နယ်ပြောင်းလဲပြီး ဖွံ့ဖြိုး တိုးတက် အောင် လုပ်မယ်ဆိုတဲ့ သဘောတရားတွေနဲ့ ဟောပြောနေပါတယ်။ အခု တစ်ခေါက်ဆိုရင်တော့ အမ်းမြို့နယ်ထဲမှာ လူထုနဲ့ထိတွေ့မှုက ၁၀ ခေါက်မြောက် ဖြစ်ပါတယ်။ အောင်နိုင်ရေးက ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ စည်းရုံးရေးကတော့ ရေလွှမ်းခံရပြီး တောက်လျှောက် ဆင်းခဲ့ပါတယ်”ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီ အမ်းမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းကလည်း ရခိုင်အမျိုးသားပါတီ အခြေအနေကောင်းကြောင်း ယခုလို ပြောသည်။
“ကျွန်တော်တို့ရဲ့ ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဒေါ်ခင်လှရီရယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သန်းလှိုင်ရယ်၊ ဒီနေ့ ကစုကိုင်းအုပ်စုနဲ့ ဒလက်အုပ်စုကို မဲဆွယ် စည်းရုံးရေး စဆင်းပါပြီ။ အခြေအနေကောင်းပါတယ်။ နိုင်မှာပါ”ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီသည် အမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေရာ အောက်တိုဘာလ ၈ရက်နေ့မှ ၁၀ ရက်နေ့ထိ ဗဟိုအောင်နိုင်ရေးကော်မတီမှ ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဦးခိုင်ပြည်စိုးတို့ လာရောက်အားဖြည့် ဟောကြသည်ဟု သိရသည်။







