စစ်တွေမြို့ မင်းဇာနည် ငါးပုဇွန် ကုန်ချောထုတ် အအေးစက်ရုံတွင် အလုပ်သမားများ ဆန္ဒပြ

စစ်တွေမြို့ မင်းဇာနည် ငါးပုဇွန် ကုန်ချောထုတ် အအေးစက်ရုံတွင် အလုပ်သမားများ ဆန္ဒပြ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်မှုဇုန်ရှိ မင်းဇာနည် ငါးပုဇွန် ကုန်ချောထုတ် စက်ရုံတွင် အလုပ်သမား ၈၀ ကျော်က အောက်တိုဘာလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရသည့် အကြောင်းမှာ အစိုးရက တစ်နေ့ လုပ်အားခ ကျပ် ၃,၆၀၀ သတ်မှတ် နှုန်းထားအတိုင်း ရရှိကြောင်း စာချုပ်တွင် လက်မှတ်ရေးထိုးသော်လည်း လက်တွေ့တွင် ကျပ် ၈၀,၀၀၀ သာပေးမည်ဟု ဆိုသဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ဦးကျော်ဇောလှက ပြောသည်။

“ကျွန်တော်တို့ကို တစ်နေ့ ၃,၆၀၀ ကျပ်နှုန်းနဲ့ ကန်ထရိုက်စာချုပ်မှာ ချုပ်ပေမယ့် တကယ်တန်းပေးတဲ့ အခါ ကျပ် ၁၀၈,၀၀၀ ရမယ့်နေရာမှာ ၈၀,၀၀၀ ဘဲ ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က လက်မခံတော့ အရင်အခမဲ့ ပို့ပေးနေတဲ့ အကြိုအပို့ ဖယ်ရီကားခ အတွက် ၂၀,၀၀၀ ဖြတ်မယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကို  တစ်နေ့ ၃၆၀၀ ကျပ်နှုန်းနဲ့ပေးပေမယ့် ဖယ်ရီကားခကို  ဖြတ်မယ် ဆိုရင် ဘာမှမကျန်တဲ့အပြင် ဆန္ဒပြတောင်းဆိုရတာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။

ယခင်က မူလ လစာ ရ၀,၀၀၀ ကျပ်၊ ရက်မှန်ကြေး ၁၀,၀၀၀ ကျပ်နှင့် ကီလိုကြေး ၁၀,၀၀၀ ကျော် အပါအဝင်  ကျပ်တစ်သိန်းကျော်ရရှိပြီး ၃,၆၀၀ ကျပ်နှုန်းသတ်မှတ်ပြီးနောက်ပိုင်းမှ ကြိုပို့ ဖယ်ရီခ ၂၀,၀၀၀ ကျပ် ဖြတ်တောက်မည်ဟု စက်ရုံတာဝန်ရှိသူများက ပြောဆိုလာသည်ဟု သူက ဆိုသည်။

“ကျွန်တော်တို့က အလုပ်သမားတွေရဲ ့အခက်အခဲတင်ပြတာပါ။ ဖေရီကားခကို ဖြတ်မယ်ဆိုရင် ရပိုင်ခွင့် အခွင့်အရေး ကျွန်တော်တို့မှာလည်း ဘာမှ မကျန်ပါဘူး။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်း ပေးဖို့ တောင်းဆိုရတာပါ။ စက်တင်ဘာလ လစာလည်း အခုထိ မရသေးပါဘူး”ဟု ဦးကျော်ဇောလှက ပြောသည်။

ဆန္ဒပြရာတွင်ပါ၀င်သူ မလှတင်ချေကလည်း “အယင်တုန်းကဆိုရင် ရက်မှန်ကြေးတို့၊ ကီလိုကြေးတို့ ရကြပါတယ်။ အခု တစ်နေ့ လုပ်အားခ ၃,၆၀၀ ပေးမယ်ဆိုပေမယ့် ဖယ်ရီခအနေနဲ့ အလုပ်သမား တစ်ယောက်ရဲ့ လစာထဲကနေ ၂၀,၀၀၀ ကျပ်ဖြတ်မယ်လို့ပြော ပါတယ်။ အဲ့ဒါကို မကျေနပ်လို့ ဆန္ဒပြတာ ဖြစ်ပါတယ်”ဟု ပြောသည်။

အများစု အလုပ်သမားများမှာ မြို့ပြင် ကျေးတောရွာဘက်မှ လာရောက်လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး ဖယ်ရီကား အကြိုအပို့ မရှိလျှင် အလုပ်သို့ လာရာတွင် အခက်အခဲ ဖြစ်နိုင်သဖြင့် ဖယ်ရီခကို မဖြတ်တောက်ရန် တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

မင်းဇာနည် အအေးစက်ရုံသို့ ဆက်သွယ်ရာ မန်နေဂျာ ဦးအောင်အောင်မှ မြို့နယ်မှူးတို့နှင့် အစည်းအဝေး လုပ်နေပါသဖြင့် နောက်မှ ဆက်သွယ်မေးမြန်းပါဟု ပြောကြားသည်။

၂ နာရီခန့် အကြာတွင် နောက်ထပ် ပြန်လည်ဆက်သွယ်ရာ အမျိုးသမီး အရာရှိတစ်ဦးက ဖုန်းကိုင်ပြီး ယခုအချိန်ထိ လူကြီးများနှင့် ပြုလုပ်နေသော အစည်းအဝေး မပြီးဆုံးသေးကြောင်း၊ ယခုအခါ စက်တင်ဘာလ လစာများကို ထုတ်ပေးနေပြီဖြစ်ကြောင်း၊ လစာဖြတ်တောက်ခြင်းမရှိဘဲ တစ်နေ့ ၃၆၀၀ နှုန်းဖြင့် ပေးနေကြောင်း၊ မယုံလျှင် လစာထုတ် ပြန်သွားသောအလုပ်သမား များကို မေးကြည့်နိုင်ကြောင်း ပြောကြားသည်။

ယခု ဆန္ဒပြမှုသည် လစာကိစ္စကို မန်နေဂျာနှင့် ညှိနှိုင်းလာခဲ့သည်မှာ ၅ ရက်ခန့်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တစ်စုံတစ်ရာ အဆင်မပြေသဖြင့် နောက်ဆုံးတွင် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

လစာများကို ထုတ်ပေးလိုက်သော်လည်း အကြိုအပို့ ကားဖယ်ရီကို နောက်ပိုင်းတွင် အလုပ်သမားများ အတွက် စီစဉ် ပေး/ မပေးကို မသိရသေးကြောင်း အလုပ်သမားများက ပြောဆိုသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...