နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် စစ်တွေတွင် လက်မှတ်ရေးထိုး

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် စစ်တွေတွင် လက်မှတ်ရေးထိုး
by -
နိရဥ္စရာ
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်များ ကို ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များက လိုက်နာပါမည်ဟု ပြည်နယ်အဆင့် သဘောတူ လက်မှတ်ရေးထိုးပွဲတစ်ခုကို အောက်တိုဘာ ၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေဟိုတယ်တွင် အခမ်းအနား တစ်ရပ်ဖြင့် ပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားသို့ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ မြိုအမျိုးသားပါတီ၊ မြိုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊မြိုတိုင်းရင်းသား တိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးသာစိန်နှင့် ဦးဝင်းမောင်တို့နှင့် ရွေးကောက်ပွဲကော်မရှင်တို့ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို ဆွီဇာလန်အခြေစိုက် Humanitarian Dialogue  အဖွဲ့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြအောင်က အဖွင့်မိန်းခွန်းစကား ပြောကြားပြီး၊ Humanitarian Dialogue အဖွဲ့မှ အာရှဒေသညွှန်ကြားရေးမှူးနှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြတို့ကလည်း အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။

“၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့ပေမယ့် စောဒကတက်မှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံရေးအတွေ့အကြံုနည်းပြီး ရင့်ကျက်မှုမရှိတဲ့အတွက် အဲ့ဒီလိုဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ကျင့်ဝတ်တွေသတ်မှတ်ထားတဲ့အတွက် ရွေးကောက်ပွဲဟာလည်း အဆင်ပြေချောမွေ့နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမြအောင်က ပြောသည်။

Humanitarian Dialogue အာရှဒေသညွှန်ကြားရေးမှူးကလည်း နိုင်ငံရေးပါတီများအနေဖြင့် ကျင့်ဝတ်များကို လက်မှတ်ရေးထိုး၍ ကျေးဇူးတင်ကြောင်း၊ ရခိုင်ပြည်နယ်တွင် မြို့နယ်အဆင့် လက်မှတ်ရေးထိုးမှုများကိုလည်း ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကျင့်ဝတ်အတိုင်း လိုက်နာဆောင်ရွက်ဖို့ မျှော်လင့်ပြီး ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးဆုံးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားတွေရဲ့ကျင့်ဝတ် ပေါ်ပေါက်လာဖို့အတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာ လမှာ နိုင်ငံရေးပါတီများ၏ ယာယီလုပ်ငန်းကော်မတီက မူကြမ်းရေးဆွေးခဲ့ပါတယ်။ ၂၀၁၅ မတ်လမှာ အားလုံးညှိနှိုင်းပြီးတော့ ဧပြီလမှာ ရွေးကောက်ပွဲကော်မရှင်က သုံးသပ်ခဲ့ပါတယ်။ ၂၀၁၅ မေလ ၁၅ ရက်နေ့မှာ ညှိနှိုင်းဆွေးနွေးပြီးတော့ နိုင်ငံရေးပါတီအားလုံးက သဘောတူလက်ခံခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတွေက ကျင့်ဝတ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ ကြပါတယ်”ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြကပြောသည်။

Humanitarian Dialogue အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ရည်စူးကာ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပွဲများကို ရခိုင်ပြည်နယ်တစ်ခုတည်း၌သာ ပြုလုပ်လျှက်ရှိပြီး ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပွဲမပြုလုပ်မီ မြို့နယ်အဆင့် လက်မှတ်ရေးထိုးပွဲကို မြို့နယ် ၈ ခုတွင် ပြုလုပ်ခဲ့ပြီဟု သိရသည်။

Humanitarian Dialogue အဖွဲ့သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပါ၀င်လုပ်ဆောင်နေ သည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ်ပြီး၊ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးအတွက် လုပ်ဆောင် နေသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်ကာ ရခိုင်ပြည်နယ်အစိုးရ၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင် နှင့် လူမှုအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...