NCA ကို လက်ခံသော်လည်း အောက်တိုဘာလတွင် လက်မှတ်ထိုးဖြစ်မည် မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြော

NCA ကို လက်ခံသော်လည်း အောက်တိုဘာလတွင် လက်မှတ်ထိုးဖြစ်မည် မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြော
မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်ခံသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်နိုင်ခြင်းမရှိသဖြင့် အစိုးရ ကမ်းလှမ်းထားသည့် အောက်တိုဘာလလယ်တွင် NCA လက်မှတ်ရေးထိုးဖြစ်မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ စက်တင်ဘာ ၂၈ မှ ၃၀ ရက်နေ့များအတွင်း ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေးကုုိယ်စားလှယ်အဖွဲ့ SD ထိပ်သီးညီလာခံတွင် မွန်ပြည်သစ်ပါတီ အပါအဝင် SD ၁၀ ဖွဲ့က NCA လက်မှတ်မရေးထိုးနိုင်သေးဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ဟံသာက “နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ကို ကျနော်တို့ လက်ခံပြီးသားပါ။ အခုအဆင့်အထိရောက်အောင် အချိန်ယူပြီး ကြိုးပမ်းလာကြတာပဲလေ။ ဒါပေမယ့် အဖွဲ့အချို့ချန်ရစ်ထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေတာကို မလိုချင်ဘူး”ဟု လွတ်လပ်သောမွန်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ချန်ရစ်ထားမည့်အဖွဲ့များအတွက် အစိုးရအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အာမခံချက်များ ပေးထားခြင်းမရှိသဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် တိုင်းပြည်တဝန်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လိမ့်မည်မဟုတ်ဟု သူက ဆက်ပြောသည်။

မြန်မာအစိုးရအနေဖြင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့၊ ရခိုင်အမျိုးသားကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ‘၀’ အမျိုးသား အဖွဲ့ချုပ် WNO တို့ကို NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်းမပြုဘဲ ချန်ရစ်ထားသည်ဟု သိရသည်။

အဆိုပါ အစိုးရချန်ရစ်ထားသည့် အဖွဲ့ ၆ ဖွဲ့နှင့်အတူ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၁၀ ဖွဲ့က NCA လက်မှတ်မရေးထိုးသေးဟု ပြီးခဲ့သည့် SD ၁၇ ဖွဲ့ထိပ်သီးညီလာခံတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA၊ ချင်းအမျိုးသား တပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအုုိဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO၊ ရခိုင် လွတ်မြောက်ရေးပါတီ ALPတို့ ရ ဖွဲ့တို့့ လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေကြောင်း အဆိုပါ ထိပ်သီးညီလာခံ၌ ဆုံးဖြတ်ခဲ့ကြသည်။

SD ထိပ်သီးညီလာခံနောက်ဆုံးရက်နေ့တွင် အလှည့်ကျသဘာပတိ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က “လက်မှတ်ထိုးမယ့်အဖွဲ့ကလည်း ရရှိလာမယ့်အခွင့်အရေးကို လက်မလွတ််တမ်း အမိအရဆုပ်ကိုင်ချင်တယ်။ ကျန်တဲ့့အဖွဲ့တွေကလည်း All Inclusive အားလုံးပါဝင်ရေး အခြေခံမူနဲ့ ဆိုတော့ အချို့အဖွဲ့တွေကျန်တာ မဖြစ်သင့်ဘူး။ အချိန်ယူရဦးမယ်ဆိုတဲ့အမြင်တွေ မတူကြတာ ဖြစ်တယ်”ဟု အခန်းအနားမိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် နောက်ပိုင်း(NCA)လက်မှတ်ထိုးပြီးသည့်အဖွဲ့နှင့် မရေးထိုးသေးသည့် အဖွဲ့ဖြစ်ပေါ်လာသည့် အခါ ရည်မှန်းချက်မပျောက်ရေး၊ ဘဝမမေ့ရေး၊ အချင်းချင်းညှိနှိုင်းရေး၊ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးစားသည့်နေရာတွင် လက်တွေ့ကျကျစဉ်းစားဖို့လိုအပ်ကြောင်း နုုိင်ထောမွန်က ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ် မရေးထိုးပါက နိုင်ငံရေးဆွေးနွေးပွဲ၌ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာ ၂၆ ရက်နေ့၌ သံဖြူဇရပ်မြို့လယ် ဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခဲ့စဉ် ပြောဆိုထားသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...