“NLD အနေနဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ရခိုင်လူထုရဲ့ တိုက်ခိုက်ဝေဖန်မှုကို ခံရပြီးတော့ ၂၀၁၄ ခုရောက်မှ အမြင်ကြည်လင်လာကြပါတယ်။ ရခိုင်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ အခြားပါတီ တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်”ဟု ဦးသင်္ခါကျော်က ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် အမျိုးသားရေးလှုံ့ဆော်မှုများရှိနေ၍ NLD အနေဖြင့် ရခိုင်ပြည်သူများ နားလည်အောင် ရှင်းပြနေရသည်ဟု သူက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွ ခရီးစဉ်အတွက် သံတွဲသို့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရောက်ရှိလာမည် ဖြစ်ပြီး၊ ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးကို သံတွဲသို့ အောက်တိုဘာလ ၁၅ ရက်နေ့အရောက် ဖိတ်ခေါ်ထားသည်ဟု သိရသည်။
ဒေါ်စုအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မသွားရောက်နိုင်ခြင်းမှာ ကော့မူးမြို့နယ် မဲဆွယ်စည်းရုံးရေး ရက်နှင့်နီးကပ်သွား၍သာဖြစ် သည်ဟု ဦးသင်္ခါကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအောင်နိုင်ရေးဥက္ကဋ္ဌ၊ ပါတီ နာယက ဦးတင်ဦးသည် ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားခရီးစဉ်အတွက် အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာမည်ဟု သိရသည်။
NLD သည် စစ်တွေမြို့နယ်တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်ခဲ့ပြီး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များတွင် စက်တင်ဘာလ ၁၀ ရက်နေ့ ဝန်းကျင်ကတည်းက မဲဆွယ်စည်းရုံးနေပြီဖြစ်သည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးရေးဆောင်ပုဒ်မှာ “ပြောင်းလဲချိန်တန်ပြီ။ အမှတ်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဖြစ်သည်။
NLD သည် ၁၉၉၀ ခု ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်တွင် အမတ်နေရာ ၉ နေရာ အနိုင်ရရှိခဲ့သည်ဟု သိရသည်။







