လူမှုအရေး ၊ စစ်ရေး နှင့် သျှမ်း ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးအခက်

လူမှုအရေး ၊ စစ်ရေး နှင့် သျှမ်း ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးအခက်
by -
သျှမ်းသံတော်ဆင့်
ဆိုင်ဖူး — လာမည့် ရက်ပေါင်း ၄၀ အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံ တဝှမ်းလုံးမှာ အထွေထွေရွေးကောက်ပွဲ ကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ လူမှုရေး စစ်ရေးတွေ ကြားမှာ သျှမ်းပြည်နယ်အတွင်းက ကိုယ်စားလှယ်လောင်း တချို့အချိန်လုပြီး မဲဆွယ်စည်းရုံးရေး ဆင်းနေရပါတယ်။ တချို့ ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေးပင်မဆင်းရသေးပါဘူး။

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းပွန်မြို့နဲ့ ၁၈ မိုင်အကွာ နောင်ပါတက် ကျေးရွာက ရွာဘုန်းကြီး ကျောင်းဝန်းထဲ ဝါတွင်း ဥပုဒ်နေ့ အလှူပွဲအတွက် ရွာသားတွေ ဆွမ်းဟင်းပြင် ဆင်ချက်ပြုနေတုန်း လက်နက်ကြီးကျည်ဆံကျမှန်လို့ တစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်။

အခုလိုရွာသားတွေ လက်နက်ကြီးမှန်ပြီး ဒုက္ခရောက်နေချိန်မှာတော့ စိုင်းသိန်းအောင် တစ်ယောက် ကျားခေါင်းပါတီအတွက် မဲဆွယ်စည်းရုံးရေးတွေ လုပ်နေတာတွေ ဘေးချိတ်လို့ ကူညီရေးအလုပ်ကို ဦးစားပေးလုပ်ခဲ့တယ်။

“ပြည်သူတွေ ဒုက္ခရောက်နေချိန် မဲဆွယ်စည်းရုံးဖို့ မသင့်တော်ဘူး။ အခုဆို မဲဆွယ်ဖို့ မေ့ပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်သင့်တယ်။ အကူအညီလိုတယ်”လို့ သူက ပြောတယ်။

နိုင်ငံတွင်းနယ်မြေအကျယ်ပြန့်ဆုံးဖြစ်တဲ့ သျှမ်းပြည်နယ်ရဲ့ တောင်ပိုင်းနဲ့မြောက်ပိုင်း ဒေသတွေမှာ အစိုးရစစ် တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေတဲ့ အတွက် ယခုရွေး ကောက်ပွဲကာလမှာတော့ မဲဆွယ်စည်းရုံးရေးနဲ့ လုံခြုံရေးကိစ္စဟာ ပါတီနဲ့ ဒေသခံတွေ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာပဲ ဖြစ်နေပါတယ်။

“ရွာထဲမှာ အခု အခြေအနေတွေက ရှုပ်ထွေးနေတယ်။ မဲဆွယ်ဖို့ မဖြစ်နိုင်သေးဘူး။ ရွာသားတွေလည်း အိမ်မပြန်ရဲသေးဘူး။ လုံခြုံမှုမကောင်းသေးဘူး။ မဲဆွယ်လုပ်ဖို့လည်း လုံခြုံမှုမရှိသေးဘူး။”လို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီမှ လွယ်လင်ခရိုင် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဆိုင်ဝမ်းက ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်က စပြီး ပါတီကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် ရပေမယ့် ပြည်သူတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းလုံးရေးလုပ်ဖို့ ပါတီတိုင်းက အခက်ခဲရှိနေပါတယ်။

“ဒီအခက်အခဲက ကြာသွားရင်တော့ ရွေးကောက်ပွဲကို ထိခိုက်နိုင်တယ်”လို့ သျှမ်းတိုင်းရင်းသားများ ဒီမိုရေစီအဖွဲ့ ချုပ်၏ ဗဟိုအလုပ်မှူဆောင် ဦးခင်မောင်ညွန့် (ခေါ်) စိုင်းခမ်းပိန်ဖှက ပြောတယ်။

သျှမ်းမြောက်ပိုင်း၊ တောင်ပိုင်းတွေမှာ အစိုးရ စစ်တပ် တိုက်ခိုက်ရေးတပ် ခမရ ခလရ တပ်ရင်းပေါင်း ၁၈၀ ကျော်အပြင် အောက်ပြည်မှလာတဲ့ တပ်မ ၁၁၊ ၃၃၊ ၆၆၊ ရရ၊ ၈၈၊ ၉၉ တို့လည်း လှုပ်ရှားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RCSS/SSA၊ TNLA၊ PNO၊ SSPP/SSA၊ KIA စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အခြေချ လှုပ်ရှားနေတာပါ။

တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်ပွားတတ်ပြီး ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မြို့တက်ဆွေမျိုးတွေထံ ခိုလှုံနေခဲ့ကြရ တာရှိသလို အိမ်နီးချင်း ထိုင်း၊ တရုတ်ဘက်သွားပြီး အလုပ်လုပ်နေတာ တွေရှိနေကြပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဘက်က ဇူလိုင်လ ၁၇ ရက်က သဘောထားထုတ်ပြန်ပြီး နောက်ပိုင်းမှာပဲ လွယ်လင်၊ နမ့်ဆန်မြို့နယ်၊ ကွန်ဟိန်း မြို့နယ်၊ မောက် မယ်မြို့နယ်၊ လင်းခေးမြို့နယ်နဲ့ ကျောက်မဲမြို့နယ်တွေမှာ အစိုးရစစ်တပ်နဲ့ တိုက်ပွဲပေါင်း ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်။

ဒီနယ်မြေတွေ အားလုံးက လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတွေ ဖြစ်ပါတယ်။

“မဲ ထဲ့ချင်တဲ့ စိတ်ဆန္ဒတော့ တအားရှိတယ်။ ဒါပေမယ့်နေတဲ့ရွာမှာခဏခဏ တိုက်ပွဲတွေဖြစ်နေတော့ လုံခြုံမှုမရှိဘူး။ အဲ့ဒါကြောင့် စိတ်ကူးထဲဘာမှ မသွင်းနိုင်ဘူး”လို့ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ပန်ကူကျေးရွာ စစ်ပြေးရှောင်စခန်းက ဒေါ်အေအိုက ပြောပါတယ်။ ပန်ကူ စစ်ပြေးစခန်းမှာ ဒေါ်အေအို အပါအဝင် စစ်ပြေးဒုက္ခသည် လူဦးရေ ၅၇၉ ဦး ရှိနေပါတယ်။

သျှမ်းပြည်တပ်မတော် (RCSS/SSA) ကတော့ ၎င်းရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ နေရာတွေမှာ ပါတီမဲဆွယ်ခြင်း နဲ့ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများကို ဘေးကင်းလုံခြုံမှုရှိသည့်အချိန်ထိ ခေတ္တ ရပ်ဆိုင်းပေးထားပေးဖ်ို့ ယခုလ ၁၆ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ပြန်ထားပါတယ်။

RCSS/SSA ကပြောခွင့်ရ ဗိုလ်မှုးကြီး စိုင်းလှက “လုံခြုံစိတ်ချမှု မရှိတော့တဲ့အတွက် စည်းရုံးရေး ဆင်းတာတွေ ယယာယီရပ်နားဖို့ပါ ။ လုံခြုံစိတ်ချမှုရှိမှ စည်းရုံးရေးပြန်ဆင်းဖို့ပါ။”လို့ ပြောပါတယ်။

သျှမ်းပြည်တပ်မတော်အနေနဲ့ စာထုတ်ထားပေမယ့်လည်း ရွေးကောက်ပွဲကို ရပ်ဆိုင်းမှာ မဟုတ်ဘဲ ရည်မှန်းချက်တိုင်း လုပ်သွားမယ်လ်ို့ သျှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးပွင့်က ပြောပါတယ်။

တအောင်းကျောင်းသားနှင် လူငယ်များအဖွဲ့ TSYU တွဲဖက် အထွေထွေအတွင်းရေးမှူး မိုင်းမျိုးအောင် ကတော့ သျှမ်းမြောက်ပိုင်းမှာရှိတဲ့ တအာင်းတိုင်းရင်းသား လက်နက်ကိုင် (TNLA) ဘက်က ရွေးကောက်ပွဲကို အနှောင့်အယှက် မပေးဘူးဆိုတာ ကြေညာထားပေမယ့်လည်း တပ်မတော်ဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာ မရှိသေးတဲ့ အတွက်ကြောင့် ပြည်သူတွေက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေရှိ နေတယ်လို့ ထောက်ပြတယ်။

“ကျနော် အဓိက စိုးရိမ်နေတာက ရွာတိုင်းမှာ မဲရုံတွေ လွတ်လွတ်လပ်လပ် မလုပ်နိုင်တာမျိုး မဲဆန္ဒရှင်တွေလည်း မဲပေးတဲ့နေရာမျိုးမှာ လွှတ်လွှတ်လပ်လပ် မဲပေးနိုင်တာမျိုး မပေးနိုင်တာဘဲ စိုးရိမ်တယ်”လို့ မိုင်းမျိုးအောင်က ဆက်ပြောပါတယ်။

သျှမ်းပြည်နယ်မှာ အမျိုးသား၊ ပြည်သူနှင့် ပြည်နယ်လွှတ်တော်အတွက် ၂၉ ပါတီက ကိုယ်စားလှယ်လောင်း ၈၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတုန်း ကတော့ သျှမ်းပြည်အရှေ့ပိုင်း ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေနဲ့ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်းရှိ မြို့နယ် ၅ ခုဟာ လုံခြုံမှုအခြေအနေ မရှိတဲ့အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဆိုင်ဝမ်း ကတော့ “ရွေးကောက်ပွဲဖြစ်အောင်တော့ တိုက်ပွဲတွေ ရပ်စေချင်တယ်။ ရွာသားတွေလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဲဆန္ဒတွေကို ထည့်နိုင်အောင် ရွာသားတွေ ဒုက္ခရောက်နေတဲ့ချိန်မှာ မဲဆန္ဒတွေ သူတို့ စိတ်ဝင်စားမှာ မဟုတ်ဘူး။ နဲနဲတော့ခက်တယ်”လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာလည်း လုံခြုံရေးပြသနာနဲ့ မဲဆွယ်စည်းရေး အခက်အခဲတွေရှိနေတဲ့အတွက် သျမ်းပြည်နယ်မှာ လာမယ့် ရွေးကောက်ပွဲ အခြေအနေဘယ်လိုရှိမလဲ ဆိုတာကို ပါတီတွေကော ဒေသခံလူထုပါ သိချင်နေပါတယ်။

လူထုအနေနဲ့ ရွေးကောက်ပွဲကို အာရုံစိုက်လာတာ၊ မဲပေးဖို့ စိတ်ဓါတ်ပြင်းထန်လာတာဟာ တိုက်ပွဲတွေဖြစ်ရင် လူထုပဲခံနေရာတာကြောင့်လို့ ကိုစိုင်းသိန်းအောင် ကပြောတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...