တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး စစ်တွေမြို့ပေါ်တွင် မဲဆွယ်စည်းရုံးရေးစတင်

တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး စစ်တွေမြို့ပေါ်တွင် မဲဆွယ်စည်းရုံးရေးစတင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးသာလူချေသည် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် အရွေးခံရန် စစ်တွေမြို့ပေါ်တွင် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာလ ၂၆ ရက်နေ့က စတင်လိုက်သည်ဟု သိရသည်။

“ကျွန်တော့်ရဲ့မဲဆွယ်စည်းရုံးရေးကို အောင်မင်္ဂလာ နိမိတ်အနေနဲ့ စစ်တွေမြို့နယ် အောင်တိုင်ရွာက စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင်ခဲ့ပြီးတော့ စစ်တွေမြို့ပေါ်မှာ ဆိုရင် ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ စတင်လိုက်ပါတယ်”ဟု မဲဆွယ်စည်းရုံးရေးလုပ်နေစဉ် နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီမှ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးအဖြစ် ရွေးချယ်ခံရသော ဦးသာလူချေသည် ၂၀၁၅ ခုနှစ် ပါတီတွင်း ရွေးချယ်မှုတွင် ရှုံးနိမ့်ခဲ့သည်ဟု သိရသည်။

တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်အရွေးခံရခြင်းမှာ အနေအထား အကြောင်းအမျိုမျိုးကြောင့် ဖြစ်ကြောင်း၊ နယ်မြေခံ မဲဆန္ဒရှင်များက အရွေးခံရန် တိုက်တွန်းတောင်းဆိုခြင်းတို့ကြောင့် ယခုကဲ့သို့ ဝင်ရောက်အရွေးခံရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

မဲဆွယ်စည်းရုံးရေးဆင်းရာတွင် ထောက်ခံမှုများမှာ အားရကျေနပ်ဖွယ် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

“ကျွန်တော် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးအနေနဲ့ တာဝန် ထမ်းဆောင်နေစဉ် မောင်တောမြို့နယ်မှာ ရှိတဲ့ ရခိုင်ကျေးရွာ ၃၆ ရွာက လယ်သမားတွေအတွက် ကျွဲ၊ နွားနဲ့ ဓါတ်မြေဩဇာတွေ ထောက်ပံ့ ပေးခဲ့တဲ့အပြင် မော်လဗီတွေရဲ့လက်ထဲရောက်နေတဲ့ ရခိုင် လယ်ယာတွေ ရခိုင်တွေ လက်ထဲပြန်ရောက်လာအောင် တစ်ရွာဝင် တစ်ရွာထွက် ဆောင်ရွက်ခဲ့ပါ တယ်”ဟု ဦးသာလူချေက ပြောသည်။

လွှတ်တော်အစည်းအဝေးကာလအတွင်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုထဲတွင် အထူးနိမ့်ကျနေသည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို တိုးတက် လုပ်ဆောင်နိုင်ရန် အဆို တင်သွင်းခဲ့သည်ဟု သူက ပြောဆိုသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...