အမ်းတွင် ပိုက်လိုင်းများကြောင့် ပျက်စီးမှုများရှိနေ၍ ဆန္ဒဖော်ထုတ်

အမ်းတွင် ပိုက်လိုင်းများကြောင့် ပျက်စီးမှုများရှိနေ၍ ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်ဖီလာကျေးရွာအုပ်စုတွင် တရုတ်ကုမ္ပဏီ China National Petroleum Corporation (CNPC) ၏ ဂတ်စ်နှင့် ရေနံပိုက်လိုင်းကြောင့် ဒေသခံများလုပ်ကိုင် စားသောက်နေသော ပုဇွန်တာတမံများ ပျက်စီးသွား၍ ပြန်လည်ပြုပြင်ပေးရေးအတွက် စက်တင်ဘာ၂၅ ရက်နေ့က ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နေ့လယ် ၂နာရီခန့်ကစတင်ကာ ပြုလုပ်ခဲ့သည့် ယင်းဆန္ဒဖော်ထုတ််ပွဲတွင် လူပေါင်း ၁၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြပြီး တောင်ဖီ လာကျေးရွာအုပ်စု၊ ဆယ်ရှဉ်းလုပ်ရွာ၊ ကွင်းအမှတ် (၃၀၃/ခ)ရှိမြေ ၃၄၅ ဧကတွင် ရေနံနှင့်ဂတ်စ်ပိုက်လိုင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်၍ မရတော့သည့်အတွက် သက်ဆိုင်ရာ CNPC ကုမ္ပဏီမှ ဖြေရှင်းပေးရန်အတွက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် CNPC ကုမ္ပဏီအလိုမရှိ အလိုမရှိ၊ ရေနံဓာတ်ငွေ့ပိုက်လိုင်းကြောင့် လယ်ယာမြေ နစ်နာသည့် ကိစ္စ အပြည့်အဝ ရရှိရေး ဆောင်ရွက်ပေး ဆောင်ရွက်ပေး၊ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများ မူလအတိုင်းဖြစ်အောင် ဆောင်ရွက်ပေး ဆောင်ရွက်ပေး စသည့် ဆိုင်ဘုတ်များကို ကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြို့နယ်မြေစာရင်းရုံးရှေ့မှ အမှတ်(၃)ရပ်ကွက်အားကစားကွင်း စီတန်းလှည့်လည်ခဲ့ကြပြီး အားကစားကွင်းတွင် ရပ်တန့်ကာ ဟောပြောပွဲပြုလုပ်ခဲ့သည်။

“အရင်တုန်းက ဒီပုဇွန်ကာရီတွေကို နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်က လုပ်ကိုင်စားသောက်လာခဲ့ တာပါ။ ရေနံနဲ့ ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းခံရတဲ့ နောက်ပိုင်းက စပြီးတော့  ပျက်စီးသွားတယ်။ ပြုပြင်ဖို့ တောင်းဆိုခဲ့ပေမယ့် မလိုက်လျောခဲ့ဘူး။ ဒေသခံတွေအခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ကျနော်တို့ ဒေသခံတွေ အခွင့်အရေးချိုးဖောက်ခံနေရတယ်။ ပုဇွန်ကာရီကို ပြန်လည်ပြုပြင်ပေးဖို့နဲ့ နစ်နာကြေး တွေကို အပြည့်အဝပေးဖို့ တောင်းဆိုပါတယ်။ တောင်းဆိုချက်တွေကို မလိုက်လျောရင် ဒီထက် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်”ဟု ဆန္ဒဖော်ထုတ်သည့် ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမျိုးလွင်က ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာ ၁၆ရက်နေ့မှာ ပြုလုပ်လုပ်ရန် စီစဉ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများက ခေါ်ယူဆွေးနွေးခဲ့သောကြောင့် စက်တင်ဘာ၂၁ရက်နေ့သို့ ပြောင်းရွှေ့ခဲ့သည်။

ဆွေးနွေးပွဲတွင် လယ်သမားတွေက ကာရီရဲ့တာဘောင်ကို ပေ ၆၀၀၀ ပြုပြင်ရန်အတွက် ကျပ်ငွေ သိန်း၂၁၀၊ ချောင်းနှစ်ချောင်းပေါင်း (ပေ၁၆၀၊ အနက်ပေ၂၀ ) ကို ပြန်လည်ပြုပြင်ရန် ကျပ်ငွေသိန်း ၁၄၂ နှင့် ပုဇွန်မွေးမြူရေးကန် နစ်နာကြေးအတွက် သုံးနှစ်အတွက် ကျပ်ငွေသိန်း ၄၃၄၇ စုစုပေါင်း ကျပ်ငွေသိန်း ၄၆၉၉ ကို ပေးရန်တောင်းဆိုခဲ့သည်။

သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူတွေက မပေးနိုင်ဘူးဟု အကြောင်းပြန်လာ၍ စက်တင်ဘာ၂၅ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ် သည်။

ရေနံပိုက်လိုင်းနှင့် ဂတ်စ်ပိုက်လိုင်းကြောင့် ဒေသခံ ၈၉ဦးလုပ်ကိုင်စားသောက်နေသော ပုဇွန်ကာရီ သည် ပြန်လည်ပြုပြင်၍ မရတော့ဘဲ အခက်အခဲရှိနေကြောင်းသိရသည်။ ၎င်းကာရီသည် ၂၀၁၁ခုနှစ် ရေနံပိုက်လိုင်းနှင့် ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းခံရပြီးနောက်ပိုင်းမှစ၍ လုပ်ကိုင်၍ မရတာသုံးနှစ်ရှိပြီဟု ကိုမျိုးလွင်က ပြောသည်။

ဒေသခံလူပေါင်း ၈၉ဦး ပိုင်ဆိုင်သော ကာရီ ၅ လုံး၏ အကျယ်အဝန်းမှာ ၃၄၅ ဧကရှိပြီး ပုဇွန်လုပ်၍ မရသောအခါ ယခုနှစ်မိုးရာသီမှစ၍ စပါးစိုက်ရန် ကိုယ်ထူကိုယ်ထဖြင့် နေ့တိုင်း လူ ၁၅၀ ခန့်ဖြင့် ပြန်လည်ပြုပြင်နေသော်လည်း လတိုင်း ၎င်းကာရီကျိုးပေါက်နေသောကြောင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြောင့် အလားတူ CNPC ကုမ္ပဏီအား ဆန္ဒပြမှု ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းတွင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၈ရက်နေ့က တစ်ကြိမ်နှင့် ၂၀၁၅ခုနှစ် ဇွန်လ ၃ရက်နေ့က ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာတွင် ဓာတ်ငွေ့သန့်စင်စက်ရုံကြောင့် ကိုးရီးယားဒေဝူးကုမ္ပဏီကို ဆန္ဒပြမှုများဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...