ငြိမ်းချမ်းရေးယူပြီး ဖြစ်သဖြင့် အပစ်ရပ်လက်မှတ်ထိုးရန် လိုသလားဟု ဝ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များ မေးခွန်းထုတ်

ငြိမ်းချမ်းရေးယူပြီး ဖြစ်သဖြင့် အပစ်ရပ်လက်မှတ်ထိုးရန် လိုသလားဟု ဝ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များ မေးခွန်းထုတ်
by -
သျှမ်းသံတော်ဆင့်
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA မှာ ၁၉၈၉ ခုနစ်ကတည်းက မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီးဖြစ်သဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွင် ပါဝင်လက်မှတ်ရေး ထိုးရန် လိုအပ်သလောဟု ဝ တပ်ဖွဲ့၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင်များက ပန်ဆန်းတွင် ကျင်းပနေသည့် ပေါ်လစ်ဗျူရို အစည်းအဝေးတွင် မေးခွန်းထုတ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ကျင်းပနေသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့အစည်းအဝေးမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွင် ဝ တပ်ဖွဲ့အနေဖြင့် ပါဝင်ရန် အစိုးရဘက်မှ ကမ်းလှမ်းခဲ့ပြီးနောက်ပိုင်း အဖွဲ့အတွင်း သဘောထားကို ဆွေးနွေးရန်အတွက် ကျင်းပနေခြင်း ဖြစ်သည်။

“အခု ကျင်းပပြီးစီးသလောက်ကတော့ မူဝါဒပြောင်းဖို့ သိပ်မရှိဘူး။ တော်တော်များများကလည်း ဘာကြောင့် ဝ တပ်ဖွဲ့အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးရမှာလည်း ဆိုတာကိုပဲ မေးခွန်းထုတ်နေတယ်။ ပြီးတော့ လက်ရှိနိုင်ငံရေးအခြေနေတွေနဲ့ တခြားတိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်လို့လည်း ဒီအစည်းအဝေးမှာ ဆွေးနွေးနေတယ်”ဟု ဝ တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှာ နယ်မြေ အကျယ်ပြန့်ဆုံး ထိန်းချုပ်နယ်မြေရှိနေသည့် အဖွဲ့အစည်းဖြစ်ပြီး ၁၉၈၉ ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်လာပြီးကတည်းက မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားခဲ့ပါသည်။

၂၀၁၃ ခုနှစ်မှ စတင်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ဝ တပ်ဖွဲ့ အနေဖြင့် ဆွေးနွေး သူအနေနှင့် တက်ရောက်ခဲ့ခြင်းမရှိပဲ တခါတရံလေ့လာသူအဖြစ်သာ တက်ရောက်နေခဲ့ပါသည်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျနော်တို့ ငြိမ်းချမ်းရေးယူပြီးကတည်းက ပြန်ကြည့်မယ်ဆိုရင် ၃ ယောက် ပြောင်းသွားပြီ ကျနော်တို့နဲ့က တစ်ခါမှ မြန်မာစစ်တပ်နဲ့ တိုက်ဖူးတာ မရှိခဲ့ဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးယူပြီးသားအဖွဲ့က အပစ်ခတ်ရပ်စဲရေး ပြန်လုပ်စရာလိုလို့လား စဉ်းစားကြည့်လေ။ မူလ ကတည်းကလည်း နိုင်ငံရေးဆွေးနွေးပွဲ ရောက်ရင်လာတက်ပါ့မယ် ပြောပြီးသားပဲ”ဟု အဆိုပါ ဝ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်တွင် ဝ တပ်ဖွဲ့အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမှသာ အပစ်ရပ်ပြီးနောက်ပိုင်းကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဝ တပ်ဖွဲ့အနေဖြင့် တက်ရောက်ခွင့်ရမည် ဖြစ်ပြီး ဝ အဖွဲ့မှ တောင်းဆိုထားသည့် ဝ ပြည်နယ်အရေးလို ကိစ္စမှာ ယင်းဆွေးနွေးပွဲတွင် ဆွေးနွေး နိုင်မည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့က ကျိုင်းတုံတွင် ပြုလုပ်သည့် မြန်မာအစိုးရနှင့် ဝ တပ်ဖွဲ့တာဝန်ရှိသူများ ဆွေးနွေး မှုတွင် မြန်မာအစိုးရဘက်မှ ပြောဆိုထားသည်။

စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည့် ဝ တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဝ အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားပြီး ကိုးကန့်၊ တအာင်းပလောင်နှင့် ရခိုင့်တပ်မတော်ကဲ့သို့သော အဖွဲ့များကို အဘယ်ကြောင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရာတွင် ပါဝင်ခွင့်မရှိသနည်းဆိုသည်ကိုလည်း မေးခွန်းထုတ်ထားပါသည်။

ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြီးစီးမည် ဖြစ်ပြီး အဆိုပါနေ့တွင် ဝ ဥက္ကဌ ဦးပေါက်ယူချန်းထံမှ လမ်းညွှန်မှုများကို ရယူသွားမည်ဖြစ်ကာ ကြေငြာချက်တရပ်ကိုလည်း ထုတ်ပြန်သွားရန် ရှိနေကြောင်း ဝ တပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ဆောင်းပါးရှင်- စိုင်းအောင်ဆိုင်း (ပင်လုံ)

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...