စည်းရုံးရေးထက် မဲထည့်ပုံ နည်းစနစ်ကို ရှင်းလင်းပြသနေရဟု ကျောက်ဖြူ မြို့နယ် တသီးပုဂ္ဂလကိုယ်စားလှယ် ဦးသိန်းဇော်ဆို

စည်းရုံးရေးထက် မဲထည့်ပုံ နည်းစနစ်ကို ရှင်းလင်းပြသနေရဟု ကျောက်ဖြူ မြို့နယ် တသီးပုဂ္ဂလကိုယ်စားလှယ် ဦးသိန်းဇော်ဆို
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်အတွင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဆင်းရာတွင် လူထုကို မဲဆွယ်စည်းရုံး ရေးထက် မဲထည့်ပုံ နည်းစနစ်ကို ရှင်းလင်းပြသနေရကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ပြောသည်။

“စည်းရုံးရေးဆင်းတဲ့နေရာမှာ ပြောရရင်တော့ အဓိကက ကျွန်တော်တို့ ဒီနေရာတွေမှာက မဲဘယ်လို ထည့်ရမယ်ဆိုတာ မလုပ်တတ်တဲ့ ကိစ္စပေါ့။ အဲဒါကို အရင်သင်ပေးနေရတယ်။ ကျွန်တော်ကိုယ်တိုင် ဒီမှာ မဲထည့် voter Education သင်တန်းကို နှစ်ရက်တက် ထားတော့ ကိုယ်သိသလောက်ကို  ပထမဆုံး ရွာကို ရောက်တယ်ဆိုတာနဲ့ မဲထည့်မယ့် ကိစ္စကိုပဲ စပြီးပြပေးရပါတယ်”ဟု သူက ဆိုသည်။

အများစု ဒေသခံပြည်သူများမှာ မိမိတို့ မြို့နယ်တွင် ဘယ်နှစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်၊ ဘယ်သူက လွှတ်တော်ကိုယ်စား လှယ်လောင်း ဖြစ်သည်ကို ယနေ့ထိ တိတိကျကျ မသိကြသေးဟုလည်း သူက ဆိုသည်။

“ရခိုင်ပြည်နယ်လွတ်တော်မှာ အမတ်ဘယ်နှစ်ယောက်ရှိတယ်၊ ပြည်သူ့လွတ်တော်မှာ အမတ် ဘယ်နှစ်ယောက်ရှိတယ်၊ အမျိုးသားလွတ်တော်မှာအမတ်ဘယ်နှစ်ယောက်ရှိတယ်။ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို ပေါင်းပြီး ပြည်ထောင်စု လွှတ်တော်လို့ ခေါ်တယ်ဆိုတာမျိုးကို ရှင်းပြရတယ်။ သမ္မတကို ဘယ်လိုရွေးတယ် ဆိုတာမျိုးကို ဗဟုသုတအဖြစ် ရှင်းပြပေးရတယ်”ဟု သူက ဆက်လက်ပြောဆိုသည်။

ယခုအခါ ဦးသိန်းဇော်အနေဖြင့် ကင်းမြောက်အုပ်စု၊ ကလန်းနဲအုပ်စု၊ ဇင်ချောင်းအုပ်စု၊ ရေမြက်အုပ်စု၊ စနဲမင်း တောင်အုပ်စု၊ စနဲအုပ်စု၊ မင်းယားအုပ်စု၊ ကျောက်ယားအုပ်စု၊ လိပ်ခမော်အုပ်စု စသည့် ကျေးရွာများကို စည်းရုံးရေး ဆင်းပြီးပြီဟု သိရှိရသည်။

“လူထုကို စည်းရုံးတာကတော့ ကိုယ့်နယ်မြေဒေသက အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့လိုအပ်ချက်တွေကိုရရှိလာအောင် ဘယ်လိုလုပ်ရမယ် ဆိုတာလေးတွေ ကိုပဲ ပြောပြစည်းရုံးပါတယ်”ဟု ဦးသိန်းဇော်က ဆိုသည်။   

၎င်းအပြင် သူက “လူထု ထောက်ခံမှုက သိပ်ကိုကောင်းပါတယ်။ ကျွန်တော်တို့လာမယ်ဆိုတော့ ရွာအပြင်ကို ထွက်ပြီး  ကြိုတဲ့လူတွေ၊ ရွာကစောင့် ကြိုတဲ့ လူတွေ ရှိတယ်။ ထမင်းကအစ ကျွေးကြတယ်။ ကျွန်တော်တို့တောင် အားနာရတဲ့ အထိပါပဲ”ဟု ပြောဆိုသည်။

ဦးသိန်းဇော်သည် ကျောက်ဖြူမြို့နယ် ဇင်ချောင်းဇာတိဖြစ်ပြီး ယခင်က ရခိုင်အမျိုးသားပါတီ ကျောက်ဖြူမြို့နယ် ကော်မတီဝင် တစ်ဦးဖြစ်သည်။ ပြည်သူ့လွှတ်တော်နေရာတွင် ရခိုင်အမျိုးသား ပါတီတွင်း ယှဉ်ပြိုင်ရာ၌  ရှုံးနိမ့်ခဲ့ပြီး ယင်းရှုံးနိမ့်မှုမှာ ဘက်လိုက်မှုများရှိ၍ဟုဆိုကာ ပါတီက နှုတ်ထွက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ခံရန် အမည်စာရင်း တင်သွင်းထားသူဖြစ်ကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...