ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ရွာပေါင်း ၃၄ ရွာ မဲပေးခွင့် မရှိ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ရွာပေါင်း ၃၄ ရွာ မဲပေးခွင့် မရှိ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယခုလ ၁၄ ရက်နေ့တွင် ပြန်လည်ထုတ်ပြန်လိုက်သည့် မဲဆန္ဒရှင်များစာရင်းအရ ကရင်ပြည်နယ် ကြာအင်းဆိတ်ကြီးမြို့နယ် ဇမိ/ဝင်ရော်မြစ်နှစ်သွယ်ကြားရှိ မွန်ကျေးရွာပေါင်း ၃၄ ရွာကို မဲစာရင်းမကြေညာသဖြင့် မဲပေးခွင့်မရှိဟု ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူး များက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ညနေပိုင်းတွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကြာအင်းဆိပ်ကြီးမြို့နယ်ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့သို့ သွားရောက်၍  ဆန္ဒမဲပေးခွင့်ပြုရန်  အစီရင်ခံ တင်ပြတောင်းဆို ထားသည်ဟု သိရသည်။

မျှင်ဝါးကုန်းကျေးရွာသား နိုင်ဝင်းရွှေက “ပထမတစ်ခေါက်လာတုန်းက မဲစာရင်းကို စာရေးမတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လာပေးတယ်။ ကျနော်တို့ရွာမှာ လာကပ်တယ် ကျနော့်နာမည်လည်း ပါတယ်။ အခုနောက်တစ်ခေါက် မဲဆန္ဒရှင်စာရင်းကြေညာတော့ ကျနော်တို့ရွာကို လာမကပ်တော့ဘူး။ လုံးခြံုရေးအရ မဲမပေးနိုင်သောနယ်မြေသတ်မှတ်လိုက်တယ်လို့ ကြားရတယ်”ဟု ပြောသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဌာနချုပ် ဧရိယာနှင့်နီးစပ်နေသော တောင်ပေါက်ကျေးရွာဒေသရှိ ကျေးရွာပေါင်း ၃၄ ရွာတွင် အိမ်ခြေ ၅၅၀၀ ကျော်ရှိပြီး မဲပေးနိုင်သည့် လူဦးရေမှာ ၂ သောင်း အထက်ရှိကြောင်း သိရသည်။
 
“လွန်ခဲ့တဲ့ ၂၀၁၀ တုန်းကလည်း ကျနော်တို့ မဲထည့်ခွင့်မရခဲ့ဘူး။ ဒါပေမဲ့ အဲဒီတုန်းက လူတွေကလည်း စိတ်မဝင်စားကြဘူး။ မဲရုံမထားလည်း ကိစ္စမရှိဘူး။ အဲဒီတုန်းက ရွေးကောက်ပွဲဟာ အလိမ်အညာပဲလို့ ထင်ထားကြတယ်။ ဒါပေမဲ့ အခုတော့ လူတွေလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားလာတယ်။ မဲဆန္ဒရှင်ရွာကို လာမကပ်တော့ ကျနော်တို့အတွက် ဒါဟာ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာပဲ” ဟု နိုင်ဝင်းရွှေက ဆက်ပြောသည်။

လက်ရှိတွင် ကျေးရွာ ၁၀ ရွာခန့်မှ မှတ်ပုံတင်ရှိပြီး မဲပေးနိုင်သည့် လူဦးရေ ၃၀၂၂ ဦး စာရင်းပြုစု၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲရုံးသို့ သွားရောက်တင်ပြခဲ့ရာတွင် ကော်မရှင်မှ လက်မခံကြောင်း သိရသည်။

တောင်ပေါက်ကျေးရွာသား ဦးအောင်မင်းက “ မဲပေးခွင့်စာရင်းပထမတစ်ခေါက် ကျနော်တို့ရွာမှာ လာကပ်တယ်။ တစ်ရွာလုံးအတွက် မပါဘူး တစ်ဝက်လောက်ပဲပါတယ်။ အဲဒီမှာ ကျနော်နာမည်မပါဘူး။ မပါတဲ့အတွက် စာရင်းတင်ရမယ်ဆိုတာလည်း မသိဘူး။ လုပ်ပေးတဲ့လူလည်းမရှိခဲ့ဘူး။ ဒုတိယ ဒီတစ်ခေါက်မှာ မဲစာရင်းလာလည်း မကပ်သေးဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၀၁၀ တုန်းက ကျနော် မဲထည့်ခွင့်ရတယ်၊ ရွာမှာမဲရုံရှိတယ်”ဟု ပြောသည်။

ယင်းကဲ့သို့ မဲဆန္ဒနယ်မြေနှင့် မဲဆန္ဒရှင်စာရင်းမပါဝင်သည့် ကိစ္စရပ်ကို ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သို့ ဆက်လက်တင်ပြ မည်ဖြစ်ကြောင်း၊ လိုအပ်လျှင် ပြည်ထောင်စု အဆင့်သို့ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့က နိုင်ငံသားတစ်ယောက်ဖြစ်တယ်၊ မှတ်ပုံတင်ရှိတယ် ဒါကြောင့် ကျနော်တို့မှာ မဲပေးနိုင်တဲ့ အခွင့်အရေးရှိရမယ်။ ဒီအခွင့်အရေးကိုတော့ ကျနော်တို့ အဆုံးအရှုံးမခံနိုင်ဘူး။ ကျနော်တို့ ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက် ကိုတော့ ရွေးချယ်ပိုင် ခွင့်ရှိရမှာပေါ့”ဟု ဦးအောင်မင်းက ဆက်ပြောသည်။

ကော့ကရိတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်မောင်ဝင်းက “အဲဒီ ကိစ္စတွေကို ကျနော်တို့ စိစစ်နေတုန်းပဲ။ ဘာမှ အတည်ပြုလို့မရသေးဘူး”ဟု ဆိုသည်။

ထို့အတူ ယင်းဒေသခံများ ဆန္ဒမဲပေးပိုင်းခွင့်ရှိရေးအတွက် လွန်ခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ရက်စွဲဖြင့်  ကြားအင်းဆိပ်ကြီး မြို့နယ်ရွေးကောက်ပွဲ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့  မွန်ပြည်သစ်ပါတီက အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

အလားတူ ထိုင်းမြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဟလော့ဟနီ၊ ဗလဲ့ဒွန်းဖိုက်နှင့် အနီးတဝိုက်ရှိဒေသခံများ မဲပေးခွင့်ရှိမရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

Most read this week

Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...