အဆိုပါ အချက် ၅ ချက်မှာ ခေတ်ပညာတတ်လူငယ်များပေါ်ထွန်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်ရေး၊ အနိုင်ကျင့်ဗိုလ်ကျသည့် အရာရှိဗျိုရိုကရက်ရှိဆိုးများ ကင်းစင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြောက်ဦး နယ်ဒေသကို နိုင်ငံတကာ အသိအမှတ်ပြုသည့် ယဉ်ကျေးမှု ဇုန်ကြီးတစ်ခု တရားဝင် ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်ရေးတို့ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၁၇ ရက်နေ့က မြောက်ဦးသို့ ရောက်ရှိလာသည့် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးဦးလှစောအား မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီဝင်များနှင့် ရခိုင်အမျိုးပါတီကို ထောက်ခံသည့် ဒေသခံလူထုတို့ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။
“ဟုတ်ကဲ့ မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီဝင်တွေနဲ့ မြို့ထဲက ရခိုင်အမျိုးသားပါတီကို ထောက်ခံတဲ့ အင်အားစုတွေက ကျွန်တော့်ကို လာရောက်ကြိုဆိုကြပါတယ်”ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးဦးလှစောက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
စည်းရုံးရေးလုပ်ငန်းများကို မြို့နယ်ကော်မတီနှင့်ညှိနှိုင်းပြီး စက်တင်ဘာလ ၁၈ ရက် (သို့မဟုတ်) ၁၉ ရက်နေ့တွင် စတင်လုပ်ဆောင်မည်ဟု သိရသည်။
စည်းရုံးရေးလုပ်ဆောင်ရာတွင် ပါတီမူဝါဒ သုံးရပ်အပြင် ကိုယ်ပိုင်လုပ်ဆောင်မည့် အချက် ၅ ချက်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။
“စည်းရုံးရေးလုပ်တဲ့အခါမှာ ပါတီမူဝါဒရှိပါတယ်။ အဓိက ပါတီမူဝါဒကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စုကို ချီတက်မယ့်လမ်းကြောင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော် နားလည်ထားတာက လွှတ်တော်အမတ်လောင်းတစ်ယောက် ဟာဆိုရင် သက်ဆိုင်ရာဒေသအတွက် စိတ်ကူးထဲမှာရှိတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်ရေးတွေကို ချပြရမယ်လို့ နားလည်ထား တဲ့အတွက် ကျွန်တော့်အနေနဲ့လည်း မြောက်ဦးဒေသ မြောက်ဦးခရိုင်မှာရှိတဲ့ လူထုအတွက် လုပ်ပေးမယ့် အချက် ၅ ချက်ကိုတော့ စဉ်းစားထားပါတယ်”ဟု ဦးဦးလှစောက ပြောသည်။
နံပါတ်တစ် အချက်မှာ မြောက်ဦးခရိုင်တွင်ရှိသည့် ကျေးလက်ပြည်သူလူထုအပါအဝင် မြို့ပေါ် လူထုထဲက ထူးချွန် ထက်မြက်သည့် သမိုင်းအသိ နိုင်ငံရေးအသိ ပညာအသိမြင့်မားသည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာရေးအတွက် တတ်စွမ်းသမျှ လုပ်ဆောင်သွားမည်။
နံပါတ်နှစ်တစ်ချက်မှာ ရခိုင်ပြည် အထူးသဖြင့် မြောက်ဦးခရိုင် မြောက်ဦးဒေသတွင်ရှိသည့် ကျေးလက် တောရွာ ဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှု အလွန်တရာ နိမ့်ကျနေသည့်အတွက် လူသေနှုန်းနှင့် ဖွားသေနှုန်းများ မြင့်မားနေသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်အောင် ဆောင်ရွက် သွားမည်။ နံပါတ်သုံးအနေဖြင့် အနိုင်ကျင့်ဗိုလ်ကျသည့် ယန္တရားဟောင်းထဲက ဗျိုရိုကရက် အရှိဆိုးများ သည် ပြည်သူများကို မတရားဗိုလ်ကျမှုများ ရှိနေသည့်အတွက် မိမိအနိုင်ရရှိသည့်နေမြေ၌ အနိုင်ကျင့် ဗိုလ်ကျသည့် ဗျူရိုကရက်အရာရှိဆိုးများ ကင်းစင်ရေးတွက် လွှတ်တော်ထဲနှင့် လူထုတိုက်ပွဲများဖြင့် တိုက်ခိုက်မှု ပြုလုပ်သွားမည်။
နံပါတ်လေးမှာ မိမိတို့ဒေသ၌ ရေမြေ တောတောင်သဘာဝ၊ ကျေးငှက် တိရစ္ဆာန်အားလုံးတို့သည် ခေတ်ဆိုး စနစ်ဆိုးကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟပျက်စီးနေရသည်။ ယင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တာဝန်ရှိနေသည်ဟု ခံယူသည်။
နောက်ဆုံးတစ်ချက်မှာ မြောက်ဦး၏ သမိုင်းရေးရာထူးခြားချက်အနေဖြင့် မြောက်ဦးသည် ဂန္ဓဝင်နယ် မြေကြီးတစ်ခုဖြစ်သည့် အတွက် မြောက်ဦးဒေသကို နိုင်ငံတကာအသိအမှတ်ပြု ယဉ်ကျေးမှုဇုန်ကြီး တစ်ခု တရားဝင်ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းသွားရန်တို့ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပါက အဆိုပါ ၅ ချက်ကို သမိုင်းပေးတာဝန်တစ်ရပ် အနေဖြင့် ဇောက်ချပြီးလုပ်ဆောင် သွားမည်ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးဦးလှစောက ပြောသည်။
ရခိုင်လူထု၏ အဓိက အားသာချက်မှာ အခြားလူမျိုးများထက် မိမိအမျိုးသားအပေါ်တွင် ချစ်မြတ်နိုးမှု၊ လေးစားမှုနှင့် တန်ဖိုးထားမှုတို့ဖြစ်ကြောင်း ရခိုင်လူထုအပေါ် ဦးဦးလှစော၏ အမြင်ကို ပြောကြားသွားသည်။







