ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သထုံမြို့နယ် အင်းဝိုင်းကျေးရွာ၌ NLD ပါတီမှ စည်းရုံးရေး လုပ်ဆောင်ခဲ့သည့် အိမ်ပိုင်ရှင်အား ရဲတပ်ဖွဲ့ထောက်လှမ်းရေးမှ စစ်ဆေးမေးမြန်းပြီး စာရွက်စာတမ်း များတွင် လက်မှတ်ရေးထိုးစေခဲ့ကြောင်း သထုံမြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်းများက ပြောသည်။
မဲဆွယ်ဟောပြောစဉ် စောင့်ကြည့်ခံခဲ့ရသူ NLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခိုင်ခိုင်လဲ့က “အစ်မတို့ ပါတီက တရားဝင်ပါတီဖြစ်တယ်။ အဲဒီတော့ တရားဝင်မဲဆွယ်ခွင့်ရှိတယ်။ မဲဆွယ်တဲ့ နေရာမှာ ပြည်သူမရှိဘဲနဲ့ မဲဆွယ်လို့ မရဘူး။ အဲဒီပြည်သူတွေ ကြောက်လန့်သွားရင် မဲဆွယ်ဖို့အတွက် အနှောက်အယှက်ဖြစ်တယ်။ ဒါမျိုးတွေဖြစ်လာမယ်ဆိုရင် အစ်မတို့အနေနဲ့ အပြေလည်ဆုံး နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ တကယ်လို့ အစ်မတို့ကို စိတ်အနှောက်အယှက် ဖြစ်စေမယ် ပြည်သူကိုလည်း မလိုလားအပ်တဲ့ဟာမျိူးတွေ လုပ်လာခဲ့မယ်ဆိုရင်တော့ အစ်မတို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို စာပို့ပြီးတော့ ဖြေရှင်းသင့်တဲ့ နည်းလမ်းတွေလဲ သုံးသင့်ရင်သုံးရမှာပဲ။ ဒါကတော့ နောက်ဆုံးအဆင့်ပါ”ဟု ပြောသည်။
မဲဆွယ်နေစဉ် ထောက်လှမ်းရေးမှ မှတ်တမ်းဓါတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းသည် NLD ပါတီတစ်ခုတည်းမဟုတ်ဘဲ ပါတီတိုင်း၏ မဲဆွယ်စည်းရုံးနေမှုများကို မှတ်တမ်းယူနေရကြောင်း ဓာတ်ပုံများရယူခဲ့သည့် သထုံမြို့နယ် ရဲစခန်းမှ သိရသည်။
သထုံမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ အခုလိုလုပ်တာဟာ ကိုယ်စားလှယ် လောင်းတွေရဲ့ လုံခြံုရေးအတွက်ပါ။ အဲဒီလို မှတ်တမ်းယူတာဟာ NLD ပါတီတစ်ခုတည်း မဟုတ်ပါဘူး။ မဲဆွယ်စည်းရုံးရေး လုပ်တဲ့ ပါတီတိုင်းကို မှတ်တမ်းယူတာပါ’’ဟု ပြောသည်။
မဲဆွယ်စည်းရုံးရေးအတွက် နေရာသတ်မှတ်ပေးထားသော်လည်း ရာသီဥတုအခြေအနေကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ တွင် ပြောင်းရွှေ့မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရကြောင်းလည်း သိရသည်။
သို့သော် မဲဆွယ်စည်းရုံးသည့် အိမ်ပိုင်ရှင်ကို သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းသောကြောင့် ပြည်သူများကြောက်လန့်ကာ စည်းရုံးရေးထိခိုက်နိုင်ကြောင်း NLD ပါတီအောင်နိုင်ရေး လှုပ်ရှားနေသူ ကိုစောကျော်မိုးက ပြောသည်။
တရားဝင်မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ရက်နေ့မှ နိုဝင်ဘာလ ၆ရက်နေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးထားပြီး ယခုအချိန်တွင် ပါတီတိုင်းလိုလိုပင် မဲအောင်နိုင်ရေး အတွက် စည်းရုံးလှုံ့ဆော်မူများ ပြုလုပ်နေလျှက်ရှိသည်။
အလားတူ မွန်ပြည်နယ်တဝန်းတွင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ NLD၊ တစည၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအစင်အားစုပါတီ၊ ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ) စသည့်နိုင်ရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ စတင် မဲဆွယ်စည်းရုံးလျှက်ရှိကြောင်းလည်း သိရသည်။







