“အခြေအနေက ထင်ထားထက်ပိုကောင်းတယ်။ လူထု ထောက်ခံမှုကတော့ အကြီးအကျယ်ပါဘဲ”ဟု သူက ဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့သော ANP ၏ ပုဏ္ဍားကျွန်းမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်ကို သွားရောက်ပြီးနောက် နိရဥ္စရာက မေးမြန်းစဉ် သူက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် မဲဆွယ်စည်းရုံးရာတွင်လည်း အာဏာပိုင်များ၏ အနှောင့်အယှက် အဟန့်အတား တစုံတရာ မရှိသဖြင့် ရွေးကောက်ပွဲ စည်းရုံးရေးမှာ ပို၍ လွတ်လပ် ပွင့်လင်းလာသည်ဟု သူက ပြောဆိုသည်။
ANP ၏ အဓိက ယှဉ်ပြိုင်ရမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများမှာ ပြည်ခိုင်ဖြိုးပါတီက ဖြစ်ကြောင်း သူက ပြောဆိုသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် များ၏ လူထုထောက်ခံမှု အခြေအနေကို မေးမြန်းရာ သူက မပြောလိုကြောင်း ငြင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ပါတီပေါင်း ၂၀ နီးပါးက ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယခုအခါ မြို့နယ် အသီးသီးတွင် မဲဆွယ်စည်းရုံးရေး များ ပြုလုပ်နေကြပြီ ဖြစ်သည်။
ANP ရခိုင်အမျိုးသားပါတီမှ ပုဏ္ဍားကျွန်းမြို့နယ်တွင် ပြုလုပ်နေသော မဲဆွယ်စည်းရုံးရေးတွင် ဦးစံကျော်လှ အပါအဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီ ခေါင်းဆောင်များ ပါဝင်ကြသည်ဟု သိရသည်။







