NSCN-K ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က “ကျွန်တော်တို့ လက်မှတ်ထိုးဖို့ မဆုံးဖြတ်ရသေးဘူး။ မထိုးဘူးလို့လည်း မဆုံးဖြတ်ရသေးဘူး။ ဒီနေ့(စက်တင် ဘာ ၁၆)ရက်မှာ UPWC က ဦးအောင်မင်း တို့နဲ့ ကျွန်တော်တို့ တွေ့တယ်။ သူတို့ဘက်က NCA စာချုပ်နဲ့ပတ် သက်ပြီး ရှင်းပြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်မှတ်ထိုးမယ်လို့ သူတို့ကို မပြောခဲ့ဘူး ဘာလို့လဲဆိုတော့ ဥက္ကဌကို ပြန်တင်ပြရ အုံးမယ်။ ဒီကနေ ပြန်ရင် ဌာနချုပ်မှာ ဥက္ကဌအပါအဝင် အဖွဲ့ဝင်တွေ အစည်းအဝေးလုပ်မယ်ပြီးရင် လက်မှတ်ရေးထိုးမလား မထိုးဘူးလား ဆုံးဖြတ်ကြမယ်။ အခုကတော့ မဆုံးဖြတ်ရသေးဘူး”ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ သို့ ပြောသည်။
NSCN-K မှ ဗဟိုကော်မတီဝင်များသည် စက်တင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ(MPC) ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ဒုဥက္ကဌ ဦးအောင်မင်းနှင့်အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီး NCA နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး NSCN-K အနေဖြင့် စက်တင်ဘာ ၁၇ ရက်နေ့တွင် နန်းယွန်း ဒေသရှိဌာနချုပ်သို့ ပြန်ကာ ဥက္ကဌ အက်စ်အက်စ် ကပ်ပလန် နှင့် အဖွဲ့ဝင်များကို ပြန်လည်တင်ပြသွားမည်ဟု ဆိုသည်။
ယင်းနောက် အဖွဲ့ဝင်များ ဗဟိုဌာနချုပ်၌ အစည်းအဝေးပြုလုပ်ကာ NCA တွင် ပါဝင် လက်မှတ်ရေးထိုး/မထိုး ဆိုသည့် ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်သွားကြမည်ဖြစ်ကြောင်း ဦးကျော်ဝမ်းစိန်က ဆက်ပြောသည်။
NSCN-K အနေဖြင့် NCA လက်မှတ်ရေးထိုးရန် မဆုံးဖြတ်ထားခြင်း မရှိသေးသော်လည်း UPWC နှင့် MPC မှ တာဝန်ရှိသူများက NSCN-K အနေဖြင့် အောက်တိုဘာ ပထမအပတ်ထဲတွင် ပြုလုပ်မည် NCA လက်မှတ်ရေးထိုးပွဲမှာ ပါဝင်လက်မှတ်ရေးထိုးလာမည်ကို ယုံကြည်ကြောင်း ပြောကြားထားသည်။
NSCN-K သည် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်က အစိုးရနှင့် ပြည်နယ်အဆင့် ပမာဏ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။ လက်ရှိ NCA လက်မှတ်ရေးထိုးရန် အစိုးရ တရားဝင် ဖိတ်ခေါ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၅) ဖွဲ့တွင် NSCN-K လည်း ပါဝင်လျှက်ရှိသည်။







