ဖမ်းဆီးရမိသူနှစ်ဦးကို တပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆေးဖော်ထုတ်ရာမှ အေကေ (၄၇) သေနတ် တစ်လက်ကို လည်းကောင်း၊ ရေးမြို့နယ် အဘော်ကျေးရွာ၊ မွေးမြူရေးဇုံအနီးရှိ စားသောက်ဆိုင် တစ်ဆိုင်မှ လက်နက်ငယ် ၃ လက်နှင့် ခဲယမ်းအချို့ကိုလည်းကောင်း၊ ခေါဇာမြို့တွင် လက်နက်၊ လက်ပစ်ဗုံးနှင့် မိုင်းများကိုလည်းကောင်း၊ ရေးမြို့ သီရိမာလာရပ် ကွက်နှင့် ရေးမြို့နယ် မြောက်ပိုင်း အာယုတောင်ကျေးရွာတို့တွင် လက်နက်ငယ်များကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိပြီး၊ မူးယစ် ဆေးဝါးမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “တံတားကြီး စစ်ဆေးရေးဂိတ်မှာ မွန်ချမ်းအဖွဲ့က နှစ်ယောက်ကို စစ်တပ်က ဖမ်းမိတာစပြီး ကွင်းဆက်ကို လိုက်တော့ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ၊ လက်ပစ်ဗုံးတွေ၊ မိုင်းတွေ ဆက်တိုက်ဆိုသလို သိမ်းဆည်းနိုင်ခဲ့တယ်။ လက်နက်ငယ် ၁၀ လက်လောက် သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ပြောသည်။
စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေပိုင်းက ရေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ မွန်ချမ်း၏ နေအိမ်ကို တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း ရှာဖွေရာမှ မွန်ချမ်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း အချို့ကိုလည်းကောင်း၊ ၎င်း၏ဇနီးထံမှ သိန်း ၁၂၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လည်းကောင်း သိမ်းဆည်းရမိသည်ဟုလည်း သူက ဆက်ပြောသည်။
အောင်မေတ္တာရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးက “ဒီလိုလက်နက်ကိုင်ဓားပြအဖွဲ့တွေရဲ့ဒဏ်ကို ဒေသတစ်ခုလုံး ခံစားနေရတာ ကြာပြီ။ မြို့ပေါ်မှာ ဒီလိုလက်နက်တွေ ရှိနေတာဟာ စိုးရိမ်စရာပဲ။ ဒါပေမဲ့ ခုလိုဖော်ထုတ်ဖမ်းဆီးနိုင်တာကို ကြိုဆိုပါတယ်”ဟု ပြောသည်။
ဓားပြခေါင်းဆောင် မွန်ချမ်းသည် ရေးတောင်ပိုင်းတွင် လှုပ်ရှားခဲ့သည့် ဓားပြအဖွဲ့ကို နှိမ်နင်းရန် အတွက် ၂၀၁၄ ခုနှစ်တွင် တပ်မတော်၏ အစီအစဉ်ဖြင့် နိုင်ဗင်း ဦးဆောင်သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့သို့ ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ရောက်ရှိခဲ့သော် လည်း နောက်ပိုင်းတွင် နိုင်ဗင်း အဖွဲ့မှ ခွဲထွက်ကာ ဆက်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်းဖြင့် ထိုဒေသတွင် ဆက်လက်လှုပ်ရှားနေသူ ဖြစ်သည်။
သြဂုတ်လ ၂၅ ရက်နေ့က မွန်ချမ်း ဦးဆောင်သည့်အဖွဲ့က ရေးမြို့နယ် တောင်ပိုင်း၊ ခေါဇာမြို့နယ်၊ ဓနိသကြားကျေးရွာအနီး တွင် နိုင်ဗင်းနှင့် နိုင်လင်းဦး ဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ်ရာမှ မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့မှ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
နောက်ဆုံးရရှိသည့်သတင်းအရ ဓားပြအဖွဲ့ခေါင်းဆောင် မွန်ချမ်းကို ယခုလအတွင်း အလင်းဝင်ရန် သို့မဟုတ် အဖမ်းခံစေရန် မိသားစုဝင်များက ရေးမြို့အခြေစိုက် စကခ (၁၉) ထံသို့ တာဝန်ခံထားကြောင်း သိရသည်။







