ရွေးကောက်ပွဲကာလအတွင်း နှစ်ဖက်တပ်ဖွဲ့များ သတင်းဖလှယ်ကြရန် RCSS တိုက်တွန်း

ရွေးကောက်ပွဲကာလအတွင်း နှစ်ဖက်တပ်ဖွဲ့များ သတင်းဖလှယ်ကြရန် RCSS တိုက်တွန်း
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကာလအတွင်း တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် အစိုးရနှင့် RCSS နှစ်ဖက် တပ်ဖွဲ့များကြား အပြန်အလှန် သတင်းဖလှယ်ကြရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က တိုက်တွန်းပြောကြား လိုက်သည်။

ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှက “ရွေး ကောက်ပွဲကာလမှာ တိုက်ပွဲတွေ မဖြစ်တာ အကောင်းဆုံးပဲ။ တိုက်ပွဲတွေဖြစ်နေရင် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှမှုလည်း ဖြစ်လာဖို့ အခွင့်အလမ်း နည်းသွားပြီ။ ဒါကြောင့် နှစ်ဖက် တပ်မတော် တွေအနေနဲ့ ဆင်ဆင်ခြင်ခြင် လှုပ်ရှားကြဖို့လိုတယ်။ အထူးသဖြင့် အပြန်အလှန် သတင်းဖလှယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ဖက် တပ်မတော်ရှိတဲ့ နေရာကို မှားပြီး ရောက်လာတာဘဲဖြစ်ဖြစ် တမင် လာတာပဲဖြစ်ဖြစ် သတင်းဖလှယ်မှုမရှိထားရင် နားလည်မှုလွဲပြီး ပစ်ခတ်ကြတော့မယ်”ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းချက် တွင် ပြောကြားခဲ့သည်။

ထို့အပြင် နှစ်ဖက် တပ်ဖွဲ့များသည် မိမိ တပ်စခန်းရှိသည့် နေရာဒေသမှ လွဲ၍ တခြားသူ၏ တပ်စခန်းများ ရှိရာသို့ သွားရောက်ခြင်းမပြုလုပ်ကြရန်နှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကိုလည်း လိုက်နာဆောင်ရွက်ကြရန် ဗိုလ်မှူးကြီး စိုင်းလှက တိုက်တွန်းပြောဆိုခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ ကျောက်နှင့် နမ့်ဆန်မြို့နယ်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွား လျှက်ရှိပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) နှင့်လည်း ကွန်ဟိန်းမြို့နယ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

အလားတူ ကချင်ပြည်နယ်တွင်လည်း ဆွမ်ပရာဘွမ်ဒေသ နှင့် ပူတာအို ဒေသဘက်များတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မဲပေးခွင့်ရှိသူများ စာရင်းကို ကောက်ခံနိုင်ခြင်းမရှိသကဲ့သို့ ရွေးကောက်ပွဲ ကျင်းပရန် မသေချာသည့် မဲဆန္ဒနယ်များလည်း ရှိနေကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ဥက္ကဌ ဒေါက်တာတူးဂျာက ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ကြေညာထားပြီး လက်ရှိအချိန်တွင် နိုင်ငံရေးပါတီအသီးသီးတို့သည် မြန်မာနိုင်ငံတစ်ဝှမ်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်။

ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လာမည့် အောက်တိုဘာ ပထမအပတ်ထဲ၌ NCA လက်မှတ်ရေးထိုးကြရန် ပမာဏသဘောတူညီမှုရရှိထားပြီးဟု ဆိုသော်လည်း ရက်အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...