ငြိမ်းချမ်းရေးဖိတ်ခေါ်ချိန် AA နှင့် MNDAA မရှိသဖြင့် NCA တွင်ပါဝင်ခွင့်မပြုဟု ဝန်ကြီးဦးအောင်မင်းပြော

ငြိမ်းချမ်းရေးဖိတ်ခေါ်ချိန် AA နှင့် MNDAA မရှိသဖြင့် NCA တွင်ပါဝင်ခွင့်မပြုဟု ဝန်ကြီးဦးအောင်မင်းပြော
သမ္မတ ဦးသိန်းစိန် အစိုးရစတက်လာစဉ် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာတွင် ရက္ခိုင့် တပ်မတော် AA နှင့် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA တို့ရှိကြောင်း အစိုးရ မသိရှိသောကြောင့် NCA တွင် ပါဝင်ခွင့်မရခြင်းဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

စက်တင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် NCA လက်မှတ်ရေးထိုးပြီးပါက လုပ်ဆောင်ရမည် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ဦးအောင်မင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်မင်းက “အခု ကျွန်တော်တို့သမ္မတကြီး စပြီးတက်လာတဲ့အချိန် ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်မှာ တစ်နိုင်ငံလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ အစိုးရက သိတာ အဖွဲ့ ၁၆ ဖွဲ့ဘဲ သိတယ်။ AA ကိုလည်း မသိဘူး။ AA ရှိတယ်ဆိုတာကို လိုင်ဇာ ဗိုလ်သင်တန်း ကျောင်းမှာ ဗိုလ်လောင်းတွေ သေတယ်။ အဲ့ဒီမှာ AA ကလည်း ပါတယ်ဆိုတဲ့ သတင်းတွေ ထွက်လာမှ AA  တပ်ဖွဲ့ရှိတာကို ကျွန်တော်တို့သိတယ်။ ဒီလိုဘဲ MNDAA ဆိုတာ ၂၀၁၅ ဖေဖော်ဝါရီမှ အစိုးရ တပ်မတော်နဲ့တိုက်ပွဲတွေဖြစ်မှ ပေါ်လာတယ်။ ဒီအခါမှ ကျွန်တော်တို့သိတယ်၊ အရင်က မရှိဘူး။ ကိုးကန့်တပ်လို့ သူတို့ကပြောတယ်။ ကိုးကန့်တပ်ကို အစိုးရက တရားဝင် အသိအမှတ်ပြုထားတာ ရှိပါတယ်။ ဒီ MNDAA ကတော့ မဟုတ်ပါဘူး၊ အခုမှ ပေါ်လာတဲ့ တပ်ဖြစ်နေတယ်”ဟု ပြောသည်။

ရှင်းလင်းပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီထဲမှ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်များက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ခွင့်ပြုရန် အကြံပြုဆွေးနွေးခဲ့ရာတွင် ဝန်ကြီးဦးအောင်မင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် အစိုးရဘက်က TNLA အဖွဲ့နှင့် မူဆယ်မြို့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ ကြသော်လည်း သဘောတူညီမှုမရှိခဲ့ကြောင်း၊ တဖန်ထပ်မံ၍ TNLA အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရန် ပလောင်ဒေသအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးမောင်ကျော်ကို နိုင်ငံတော်သမ္မတခေါ်ယူညွန်ကြားခဲ့ရာ TNLA ဘက်မှ ငြင်းပယ်ခဲ့သည့်အတွက် ယနေ့အချိန် အထိ တွေ့ဆုံဆွေးနွေးမှုမလုပ်နိုင်ခဲ့ကြောင်း ဦးအောင်မင်းက နိုင်ငံရေးပါတီများသို့ ပြန်လည်ရှင်းပြခဲ့သည်။

သို့သော် နိုင်ငံတော်သမ္မတကြီးအပါအဝင် အစိုးရအဖွဲ့များအနေဖြင့် အားလုံးတောင်းဆိုနေသည့် အားလုံးပါဝင်ရေးကို မူအားဖြင့် သဘောတူပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရန်  ခက်ခဲသည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း MPC မှ တာဝန်ရှိသူများက ပြောသည်။

AA၊ MNDAA၊ TNLA၊ ANC၊ WNO၊ LDU စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့အား အစိုးရဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA  လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့်မပြုသည့် အတွက် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကြား နားလည်မှုလွဲမှားနေသကဲ့သို့ တခြားသော နိုင်ငံပါတီများကလည်း အထင်မြင်လွဲမှာမှုများ ရှိနေကြသည်ကို တွေ့ရှိရသည်။

အထက်ပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့အား NCA ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုသွားမည် မဟုတ်ကြောင်း၊ နိုင်ငံရေးဆွေးနွေး ပွဲများမှာသာ ပါဝင်ဆွေးနွေးခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရဘက်က အတိအလင်းပြောဆိုထားပြီး ဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...