အလွန်လည်း ကြိုဆိုသင့်တဲ့ သဘောထားကြေညာချက်ပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ဘယ်လိုသဘောထားနေကြပါသလဲ၊ ဘယ်လို ဖြစ်သင့်ပါသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် လုံးဝ ကျင်းပဖို့ မဖြစ်နိုင်တဲ့ နယ်မြေ ဆိုလို့ UWSA ဝ သွေးစည်း ညီညွတ်ရေး တပ်မတော်က ထိန်းချုပ်ထားတဲ့ မြို့နယ် (၄) မြို့နယ်နဲ့ မိုင်းလားဒေသတွေပဲ ရှိပါတယ်။ ဒီနယ်မြေတွေဟာ ၂၀၁၀ တုန်းကဆို ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ်မြေ အဖြစ်တောင် စာရင်းမသွင်းခဲ့ပါဘူး။ အခု ၂၀၁၅ မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အဲဒီနယ်မြေတွေအားလုံးကို မဲဆန္ဒနယ်မြေအဖြစ် ကြေညာခဲ့ပေမယ့် မဲပေးပိုင်ခွင့်ရှိသူစာရင်း ပြုစုတာမျိုး မလုပ်နိုင်ခဲ့သလို၊ အဲဒီနယ်မြေကနေ ရွေးကောက်ပွဲ ဝင်မယ်လို့ဆိုပြီး စာရင်းတင်လာသူတွေကိုလည်း လက်မခံခဲ့ပါဘူး။ သေချာတာကတော့ ကော်မရှင်ဟာ အဲဒီနယ်မြေမှာ ရွေးကောက်ပွဲလုပ်မှာ မဟုတ်ဘူးဆိုတာပါပဲ။
လက်ရှိအချိန် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်တွေနဲ့ အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ နောက်ဆုံးအဆင့် ဆွေးနွေးကြပါတော့မယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်၊ မကျင်းပနိုင်ဆိုတာ အဲဒီ ဆွေးနွေးပွဲ ရလာဒ်နဲ့လည်း အများကြီး သက်ဆိုင်နိုင်ပါတယ်။
တကယ်တော့ ရွေးကောက်ပွဲ ဆိုတာဟာ ဗမာတွေနဲ့ မြို့ပေါ်နေပြည်သူတွေနဲ့ချည်းပဲ သက်ဆိုင်တာမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံ တစ်နံတစ်လျားက ပြည်သူတွေရော၊ အဝေးရောက် ပြည်သူတွေအတွက်ပါ သက်ဆိုင်တဲ့ နိုင်ငံလုံးဆိုင်ရာ ကိစ္စပါ။ ဒီလို တစ်တိုင်းတစ်ပြည်လုံးနဲ့ ဆိုင်တဲ့ ကိစ္စကြီးကို လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ အစိုးရက သူ့ထိန်းချုပ်နယ်မြေထဲပဲ လုပ်တာ ငါတို့နဲ့ မဆိုင်ဘူးလို့ သဘောထားရင် မသင့်တော်ပါဘူး။ ရွေးကောက်ပွဲဆိုတာ တိုင်းရင်းသားတွေ အပါအဝင် ပြည်သူတွေ အားလုံးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ဖြစ်စဉ်ပါ။
လက်နက်ကိုင် တိုင်းရင်းသားတွေကိုယ်တိုင် တစ်ချိန်ကျရင် အစိုးရနဲ့ အပစ်အခတ်ရပ် စာချုပ်တွေ ချုပ်ဆိုကြရပါလိမ့်မယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကြရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရလာမယ့် ရလာဒ်ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်မှာပါ။ ဒီအတွက် အနှေးနဲ့ အမြန် ဆိုသလို ဖြတ်သန်းကြရမှာက ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အုပ်ချုပ်ရေးစနစ်ပါ။ အဲဒီ စနစ်အတွက် ရွေးကောက်ပွဲဆိုတာတွေကို ဖြတ်သန်းကြရပါလိမ့်မယ်။ တချို့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ပါဝင်သူတွေဆိုရင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တာမျိုးလည်း လုပ်ကြရဦးမှာပါ။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ လက်ရှိ မြို့ပေါ်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခြင်း မရှိကြပေမယ့် တိုင်းပြည်ထဲက လူများစုကြီးရဲ့ ကံကြမ္မာကို အတိုင်းအတာ တစ်ခုအထိ အဆုံးအဖြတ် ပေးမှာဖြစ်တဲ့ ရွေးကောက်ပွဲမျိုးကိုတော့ အားပေးထောက်ခံဖို့ လိုပါတယ်။ အထူးသဖြင့် အင်န်အယ်လ်ဒီ အမျိိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ပါတီ၊ ရခိုင်အမျိုးသားပါတီ တို့လို အတိုက်အခံ အင်အားစုတွေ အင်တိုက်အားတိုက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမျိုးကို ပိုပြီး အားပေးထောက်ခံသင့်ပါတယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်တဲ့အခါ သမ္မတ ဦးသိန်းစိန် အစိုးရဟာ ကချင်ပြည်နယ်က မဲဆန္ဒနယ်မြေ (၃) ခုကို လုံခြံုရေး အကြောင်းပြပြီး ရွေးကောက်ပွဲ လုပ်မပေးခဲ့ပါဘူး။ အခု အဲလို အခြေအနေမျိုး မဖြစ်ဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ရန်ကို ကြောက်ရလို့၊ နယ်မြေ အေးချမ်းတည်ငြိမ်မှု မရှိလို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ မဲဆန္ဒနယ် အများအပြားမှာ ရွေးကောက်ပွဲ မကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြကြေညာမယ့် အဖြစ်မျိုး မရောက်အောင် ဝိုင်းပြီး ကာကွယ်ပေးကြဖို့ လိုပါတယ်။
ဒီလို အဖြစ်မျိုး ရောက်ခဲ့ရင် အတိုက်အခံ အင်အားစုတွေနဲ့ တိုင်းရင်းသားပါတီတွေ အတွက် လုံးဝ အကျိုးမရှိနိုင်ပါဘူး။ ဒီအတွက် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေ အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ထောက်ခံတဲ့အကြောင်း၊ ကိုယ့်ထိမ်းချုပ်နယ်မြေမှာ ဘယ်ပါတီကိုမဆို မဲဆွယ် စည်းရုံးခွင့် ပြုမယ်ဖြစ်ကြောင်း၊ အာဏာရ အသိုင်းအဝိုင်းကလည်း ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုစေလိုကြောင်း စတဲ့ သဘောထား ကြေညာချက်တွေ ထုတ်ပြန်သင့်ပါတယ်။
အလားတူ လက်နက်ကိုင် တိုရင်းသားတွေဘက်က ရွေးကောက်ပွဲ ဖြစ်စဉ်ကို ထောက်ခံလာအောင်၊ အားပေးကူညီလာအောင် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ အသီးသီးကလည်း မေတ္တာရပ်ခံ ပန်ကြားဖို့ သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။







