“ကျွန်တော်တို့က ရုံးချိန်းတိုင်းကို လာပါတယ်။ သင်္ကြန်တုန်းကရုံးချိန်း တခါမလာလို့ ကျွန်တော်တို့ကို ဖမ်းဝရမ်းနဲ့ ဖမ်းတာမျိုးရှိတယ်။ သူတို့(တိုင်ကြားသူ) မလာတော့ ဘာမှမဖြစ်ဘူး။ သူတို့ မလာတာ (၈) ကြိမ်တော့ ရှိပြီး။ သူတို့မလာတော့ တရားရုံးက အမှုမစစ်ဖြစ်တာမျိုးရှိတော့ ကျွန်တော်တို့အတွက် အချိန်၊ သွားလာရေး စရိတ်တွေ နစ်နာမှုရှိတယ်”ဟု ကျူးကျော်သူအဖြစ် စွပ်စွဲခံထားရသူ ဦးဝင်မာန် က ပြောသည်။
အဆိုပါအမှုသည် ရုံးချိန်းအကြိမ်ပေါင်း (၂၀) ရှိပြီးဖြစ်သော်လည်း တရားလိုဘက်မှ အကြိမ်ကြိမ်ပျက် ကွက်ခဲ့သည်ဟု အမှုရင်ဆိုင်နေရသူများက ပြောသည်။
မြေယာသိမ်းဆည်းခံရမှု ကူညီဆောင်ရွက်ပေးနေသည့် ဥပဒေပညာရှင် ဦးမြင့်သွင်က “ပြစ်မှုထဲမှာ ရဲအရေးမပိုင်တဲ့အမှုနဲ့ ရဲအရေးပိုင်တဲံ အမှုရှိတယ်။ ရဲအရေးပိုင်တဲ့ အမှုဆိုရင်တော့ ရဲက ဖမ်းဝရမ်း ထုတ်ပြီး ဖမ်းလို့ရတယ်။ ပြစ်မှုနဲ့ စွဲထားတော့ တရားလိုသက်သေဘက်က ရုံးချိန်မလာရင် စွပ်စွဲခံထား ရတဲ့ဘက်က ရှေ့နေတရားသူကြီးကို အမှုမကြန့်ကြာအောင်ဆိုပြီးတော့ တရားလိုသက်သေကို ရုံးချိန်းလာပေးဖို့ တရားသူကြီးကို တွန်းအားပေးလို့ရတယ်”ဟု ပြောသည်။
မြေယာဧက (၃၅၀) ပေါ်တွင် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်စားသောက်လာခဲ့သည့် ဒေသခံရွာသား တောင်သူလယ်(၁၉)ဦးကို နေရပ်လိပ်စာမသိရသူ မွန်ပြည်နယ် စိုက်ပျိုးရေးမန်နေဂျာဟောင်း ဦးပေါ်ထွန်း ဆိုသူက ၎င်းပိုင်ဆိုင်သည်ဟုဆို ကာ ရေးမြို့နယ်၊ ခေါဇာမြို့၊ ရဲစခန်း၌ ၂၀၁၅ ဇန်နဝါရီ လဆန်းပိုင်းတွင် လာရောက်အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အငြင်းပွားလျှက်ရှိနေသော အဆိုပါမြေယာတွင် ဒေသခံရွာသားတို့က ရာဘာပင်၊ ကွမ်းပင်နှင့် အခြားသီးနှံအပင်မျိုးစုံကို ဘိုးဘွားလက်ထက်အဆက်ဆက်မှ စိုက်ပျိုးလာခဲ့သော်လည်း
ယခုအခါ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၇)၊ ဆဲဆိုကြိမ်းမောင်းမှု ပုဒ်မ (၅၀၆) နှင့် အကျိုးပျက်စီးစေမှု ပုဒ်မ (၂၄၉)တို့ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။
အဆိုပါမြေယာဧရိယာသည် သစ်တောဦးစီးဌာန၏ မာန်အောင်သစ်တောကြိုးဝိုင်းအတွင်း တည်ရှိနေသဖြင့် သက်ဆိုင်ရာမှပြန်လည်သိမ်းယူခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်များထံ ပြန်လည်ရောင်းချခဲ့ကြောင်း ရွာသားများထံမှ သိရသည်။







