နိုင်ထောမွန်က “နံပါတ် ၁ အချက်က NCA လက်မှတ်ရေးထိုးမယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်ဖို့၊ နောက်တစ်ချက်က တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်ရမယ်ဆိုတဲ့အချက်ကို UNFC ရပ်တည်မယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်အတိုင်း အခိုင်အမာရပ်တည်သွားဖို့၊ ၃ အချက်က အဲဒီ အတိုင်း ရပ်တည်နေလို့ မသင့်လျော်ဘူး၊ ငြ်ိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်စေမယ်ဆိုရင် UNFC အဖွဲ့ဝင်အများစုရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့ ပါတီရပ်တည်မယ်၊ လောလောဆယ် အဲဒီ ၃ ချက်ပါပဲ”ဟု ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က သြဂုတ် ၁၁ ရက်စွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသား တပ်ဦး CNF၊ ‘ဝ’ ပြည်သွေးစည်းညီညွတ် ရေး တပ်မတော် UWSA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေး တပ်မတော်–မိုင်းလားတပ်ဖွဲ့ NDAA၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး ABSDF၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ-ကပ်ပလန် NSCN-K ၁၅ ဖွဲ့တို့ကို ဘိတ်ကြားထားခြင်းဖြစ်သည်။
သို့ရာတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MND-AA၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် WNO၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ ANC တို့ ၆ ဖွဲ့အား NCA လက်မှတ်ရေးထိုးရန် အစိုးရဘက်က ဖိတ်ကြားခဲ့ခြင်းမရှိပေ။“
အခုဆိုရင် NCA မူအချောသပ်နိုင်ခဲ့တာကို အထူးပဲဝမ်းမြောက်မိတယ်။ ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို မဖိတ်ကြားတဲ့ကိစ္စကပဲ။ အဲဒါကို ကျနော်တို့တပ်ပေါင်းစုအဖွဲ့ဝင်တွေ ဆွေးနွေးညှိနှိုင်းသွားမှာပါ”ဟု နိုင်ထောမွန်က ဆက်ပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့ (SD) ၏ အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၂၁ မှ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်လျှက်ရှိသည်။
ပြီးခဲ့သည့်ရက်အတွင်း KNU၊ DKBA၊ KNU/KNLA-PC၊ RCSS ၊ ABSDF အဖွဲ့တို့ NCA ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်သည်။
အလားတူ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံးပါဝင်ခွင့်ပေးရန် အဖွဲ့ဝင် ၂၆၀ ခန့် ပါဝင်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီက သြဂုတ် ၁၇ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ပြီး အစိုးရကို တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန MPC အကြီးတန်းအကြံပေး၏ အဆိုအရ NCA လက်မှတ်ရေးထိုးရေးအတွက် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင် ၅ ဦး၊ SD ခေါင်းဆောင် ၃ ဦးတို့ လာမည့် သြဂုတ် ၂၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကြမည်ဟု သိရသည်။







