NLD နဲ့ တိုင်းရင်းသား ပါတီတွေ NLD နဲ့ ၈၈ မျိုးဆက်တွေ ဘာကြောင့် မဟာမိတ် မဖြစ်သလဲ

NLD နဲ့ တိုင်းရင်းသား ပါတီတွေ NLD နဲ့ ၈၈ မျိုးဆက်တွေ ဘာကြောင့် မဟာမိတ် မဖြစ်သလဲ
by -
သျှမ်းသံတော်ဆင့်
အခုတလော နိုင်ငံရေးလောက ကြည့်လိုက်မယ်ဆိုရင် အားလုံး တီးတိုးဝေဖန် မေးငေါ့စရာ ဖြစ်နေခဲ့တဲ့ သတင်း တပုဒ်ရှိနေခဲ့ပါတယ်။ ဒါကတော့ အင်အားအကြီးဆုံး အတိုက်အခံဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ မူဝါဒကြောင့်ပဲ ဖြစ်ပါတယ်။ အဓိကကတော့ NLD ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းမှာ ပြည်သူတွေ အားကိုးတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် တွေနဲ့ နာမည်ရတက်ကြွလှုပ်ရှားသူတွေ ပါမလာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အတိုက်အခံ တိုင်းရင်းသား အင်အားစု နယ်မြေတွေ အားလုံး နီးပါးမှာပါ ရှောင်မပေးဘဲ အကုန်ဝင်ပြိုင်တော့ မယ်ဆိုတာ NLD ရဲ့ ကိုယ်စားလှယ်လောင်း စာရင်းက ပြသနေတဲ့အတွက် အတိုက်အခံ အချင်းချင်း တွေအပေါ်မှာကော တိုင်းရင်းသား အတိုက်အခံတွေအပေါ်မှာ NLD အနေနဲ့အထာ မထား မဟာမိတ် မူဝါဒ မထားတော့ဘူးဆိုတာ ပေါ်လွင်လာစေခဲ့ပါတယ်။

၈၈ မျိုးဆက်တွေ၊ နာမည်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း နဲ့ တက်ကြွလှုပ်ရှား သူအချို့ကတော့ NLD ရဲ့ ကမ်းလှမ်းချက်ကြောင့် တသီးပုဂ္ဂလအဖြစ် မပြိုင်တော့ပဲ ပါတီဝင်အဖြစ် ပြိုင်မယ်ဆိုပြီး ပါတီဝင်ခဲ့ပြီးမှ ကိုယ်စားလှယ် လောင်းရွေးချယ် ရာမှာ ပါမလာတော့တာ ဖြစ်ပါတယ်။

NLD n 88

CRPP အဖွဲ့ဝင် တိုင်းရင်းသား တွေနဲ့လည်း မဟာမိတ်ကိစ္စ ဆက်စကား ပြောမလိုလို ဘာလိုလိုနဲ့ ဆက်စကား မပြောတော့ပဲ ဦးကျင်ရှင့်ထန်ပြိုင်တဲ့ နေရာကလွှဲလို့နေရာ အားလုံးမှာ ၀င်ပြိုင်မှာ ဖြစ်တဲ့အတွက် ၉၀ ခုနှစ် ကျော် ကာလတွေ ကတည်းက မဟာမိတ် လုပ်လာခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနဲ့လည်း ထိပ်တိုက်ပြိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ဆုံးယုတ်စွအဆုံး ဗမာစကား မပြော တဲ့မြို့တွေ ပါတီဝင် ရ ယောက် ၈ ယောက်လောက်ပဲ ရှိတဲ့ မြို့တွေမှာတောင် NLD အနေနဲ့ ဝင်ပြိုင်ဖို့ လုပ်ထားတာ တွေ့ရပါတယ်။

ကျနော် ကိုယ်တိုင်လည်း တလောတုန်းကပဲ NLD မှာ ၈၈မျိုးဆက် ခေါင်းဆောင်တွေ ပါတီဝင် အဖြစ် ၀င်လာ CRPP အဖွဲ့ဝင်တွေ တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ ဦးခွန်ထွန်းဦးတို့ရဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်တို့နဲ့ NLD အကြား ရွေးကောက်ပွဲကိစ္စအတွက် စကားပြောလာတော့ လာမဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံ တွေအနေနဲ့ အင်တိုက်အားတိုက် လက်တွဲပြီး ဝင်ပြိုင်ကြတော့ မလားလို့ မျှော်လင့်မိပါသေးတယ်။ အခုတော့ NLD လုပ်ပုံအရ ခဲလေသမျှ သဲရေကျဆိုသလိုပါပဲ။ သို့သော်လည်း သတင်းသမား တယောက်အနေနဲ့ တိုင်းရင်းသားပြည်သူတွေ ဝေဝါးကုန်မှာ မျက်စိ လည်ကုန်မှာ စိုးတဲ့အတွက် အရှိတရားနဲ့ နီးစပ်အောင်သုံးသပ် တင်ပြရပါတော့မယ်။

အဓိကကတော့ NLDနဲ့ အတိုက်အခံ တိုင်းရင်းသား ပါတီတွေ NLDနဲ့ ၈၈ မျိုးဆက်လို လူထု မျှော် လင့်ချက်ထားတဲ့ ဒီမိုကရေစီအင်အားစုတွေအကြား ဘာကြောင့် မဟာမိတ် မဖြစ်နိုင်ခဲ့သလဲ ဆိုတာပါ။

ဘာကြောင့်လဲ
NLD နဲ့ တိုင်းရင်းသား ပါတီတွေအကြား တခြား ဒီမိုကရေစီအင်အားစုတွေအကြား မဟာမိတ်အဖြစ် မဖြစ်ခဲ့ သလဲဆိုတာကတော့ NLD ရဲ့ ရွေးကောက်ပွဲအလွန် ဦးရွှေမန်းနဲ့ လက်တွဲလိုတဲ့ မဟာမိတ် မူဝါဒကြောင့်လို့ စာရေးသူအနေနဲ့ ယျေဘုယျ ခန့်မှန်းမိပါတယ်။ ဒါကလည်း စာရေးသူအနေနဲ့ သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦးအပါ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ကော ၈၈ မျိုးဆက်တွေနဲ့ အပါအဝင် အလုပ်သဘောအရ ရင်းနှီးမှုအရကော မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက် လေ့လာနေသူ အဖြစ်ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။

NLDနဲ့ တိုင်းရင်းသား
တိုင်းရင်းသား ပါတီလို့ ပြောရမယ်ဆိုရင် အတိုက်အခံ တိုင်းရင်းသား ပါတီ တွေအဖြစ် ရပ်တည်နေတဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား အုပ်စုတွေကိုပဲ အဓိကထား ပြောဆိုရမှာပါ။ တကယ် အတိုက်အခံလုပ် နေတာလည်း အဲဒီအုပ်စုတွေပဲ ရှိနေလို့ဖြစ်ပါတယ်။

ဒါကလည်း ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက် တလျှောက် မိုးထဲရေထဲ NLD အပါ၀င် ဒီမိုကရက်တစ် အင်အားစုတွေ နဲ့အတူ အဲဒီ ၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား အုပ်စုတွေက လက်တွဲပြီး ဖြတ်ခဲ့တာကြောင့် ပဲဖြစ်ပါ တယ်။ ၉၀ အနိုင်ရ တိုင်းရင်းသားတွေ ကတော့ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်နေတဲ့ UNA အုပ်စုတွေပဲဖြစ်ပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA မှာပါနေတဲ့ ပါတီတော်တော် များများဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း NLD ရဲ့ မဟာမိတ်တွေပဲ ဖြစ်ခဲ့ပါတယ်။ လွှတ်တော် ခေါ်ယူဖို့အတွက် လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP ဖွဲ့စည်းရာမှာ ဆိုရင်လည်း အဲဒီအဖွဲ့ထဲက သျှမ်း ၊ ရခိုင် ၊ ဇိုမီး ၊ မွန်စတဲ့ တိုင်းရင်း သား ခေါင်းဆောင် တွေက စစ်အစိုးရကို အံတုဖို့ အန်အယ်ဒီက ခေါင်းဆောင်တွေနဲ့အတူ ပါ၀င် ခဲ့ကြတာပါ။ ၂၁ ရာစု ပင်လုံ ညီလာခံကို သူမရဲ့ ဦးဆောင်မှုနဲ့ သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတဲ့အတွက်လည်း တိုင်းရင်းသားတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ်တော်တော့ကို မျှော်လင့်ခဲ့ကြတာ ဆိုရင်လည်း မမှားပါဘူး။ တဘက်ကလည်း ဖခင်ရဲ့ မပြီးဆုံးခဲ့တဲ့ တာဝန်တွေ အမွေတွေကို သမီးဖြစ်သူအနေနဲ့ ဆက်လက် ထမ်းဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထားရှိခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ဦးခွန်ထွန်းဦးဆိုရင် ပင်လုံမူကို အခြေခံပြီး လုပ်နေတာ ဖြစ်တဲ့အတွက် သျှမ်းစော်ဘွားတူ တယောက်ဖြစ်တဲ့ သူ့အနေနဲ့ သမိုင်းပေးတာဝန်ကို ထမ်းနေတယ်လို့ ဆိုနိုင်ပါတယ်။

ပြောရမယ်ဆိုရင် အဲဒီ ယူအန်အေအုပ်စုနဲ့ NLD ပါတီအကြား လွှတ်တော်ထဲ ဝင်သွားကတည်းက ပုံမှန်ဆက်ဆံ မှုတော့ သိပ်ရှိတာ မဟုတ်ပါဘူး။ ဒါကလည်း တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ လွှတ်တော်ထဲရောက်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောဆို ပါ၀င်လှုပ်ရှားဖို့ ပျက်ကွက် ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၄ နှစ်စလောက်အထိ NLD အနေနဲ့ SNLD ကို ရွေးကောက် ပွဲအတွက် ကြိုပြင်ထားခိုင်းပြီး မဲဆန္ဒနယ်များများ ရနိုင်တယ် မဟာမိတ်ဖွဲ့ စရာရှိရင် အရင်လက်တွဲ ဖော်တွေနဲ့ပဲ ဖွဲ့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဖူး တယ်လို့ သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး က စာရေးသူကို ပြောဖူးပါတယ်။ အဲဒီအချိန်မှာ လွှတ်တော်အမတ်ဖြစ်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တော်တော်လေး ရင်းနှီးမှု ရှိလာနေခဲ့ပြီဖြစ်ပါတယ်။

ဦးခွန်ထွန်းဦး ထောင်က ပြန်လွတ်လာစက ပါတီ ထောင်မယ်ဆိုတော့ ငွေလိုတဲ့အတွက် သူ့အိမ် တခြမ်းကို သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ပိုင်တဲ့ Red Link ကုမ္ပဏီကို ဌားလိုက်ရပါသေးတယ်။ သူပိုင်တဲ့ လုပ်ငန်းတော်တော်များများက အရင် စစ်အစိုးရ လက်ထက်မှာ ပိတ်ပင်မှုတွေ ခံခဲ့ရတာ ကြောင့်လည်း ဖြစ်ပါတယ်။

အဲဒီလို ဌားထားခဲ့ပေမဲ့ ဦးခွန်ထွန်းဦးအနေနဲ့ သူရ ဦးရွှေမန်းနဲ့ မဟာမိတ်အဆင့် ဖြစ်မလာခဲ့သလို သူရဦးရွှေမန်း နဲ့ ပြိုင်ဘက်ဖြစ်တဲ့ အစိုးရ၊ စစ်အုပ်စုတွေနဲ့လည်း အခုအထိ မဟာမိတ် ဖြစ်မလာ ခဲ့ပါဘူး။ ဒါ့အပြင် NLD နဲ့ SNLD အကြား ဆက်ဆံရေးက ပုံမှန်မဖြစ်ခဲ့ပါဘူး။

စာရေးသူ တွက်ချက်မိသလောက် ဒါကဘာကြောင့်လည်းဆိုရင် ဖက်ဒရာယ်အရေး တိုင်းရင်းသား အရေး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား တော်တေ်ာများများရဲ့ ယုံကြည်ကိုးစား မှုကို ခံရတဲ့ သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အနေနဲ့ တိုင်းရင်းသား အရေးနဲ့ ငြိမ်းချမ်း ရေးအတွက် အာမခံချက်ရှိမှ တကယ် အာမခံနိုင်သူ၊ ဒါမှမဟုတ် တကယ်ပေးမယ် သေချာသူနဲ့မှ နိုင်ငံရေးအရ မဟာမိတ်လုပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဖြစ်ပါတယ်။

အဆုံးစွန်ဆုံးပြောရမယ် ဆိုရင် လွှတ်တော်ထဲကနေ သမ္မတအဖြစ် တင်မြောက်တာကို ထောက်ခံမှု ပေးတာ တွေအထိကို ဆိုလိုတာပါ။ ဦးခွန်ထွန်းဦး ဥက္ကဌ အဖြစ်ဆောင်ရွက်နေတဲ့ UNA အဖွဲ့က တိုင်းရင်းသား လက်နက် ကိုင်တပ်ပေါင်းစု ဖြစ်တဲ့ UNFC နဲ့ မဟာမိတ်ဖွဲ့ထားပြီး သူတို့အနေနဲ့ ငြိမ်းချမ်းရေးကော တိုင်းရင်းသား အရေး အတွက်ပါ မရေရာ သေးတာကြောင့် ဘယ်သူနဲ့မှ အသေကပ် မကစားတာလည်း ဖြစ်နိုင်ပါတယ်။

ငွေ ဒါမှမဟုတ်ရင်းနှီးမှု တစ်ခုတည်း အခြေနေအရဆိုရင် အခုအချိန်မှာ SNLD အနေနဲ့ ဦးရွှေမန်း အုပ်စု ၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ပုဂ္ဂိုလ်တွေနဲ့ မဟာမိတ်ဖြစ်နေရမှာပါ. ဒါပေမဲ့ SNLD အနေနဲ့ NLD အပေါ်တော့ မဟာမိတ်အဆင့် ဖြစ်လိုတဲ့ ဆန္ဒရှိနေတာလည်း တွေ့ရပါတယ်။

ဒါကလည်း ရွေးကောက်ပွဲမှာ သူအားသာတဲ့ နေရာသူပြိုင် ကိုယ်အားသာတဲ့ နေရာကိုယ်ပြိုင်ခြင်း ဖြင့် ဒီမိုကရက် တစ်အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ဟန်ချက် ညီညီအားကောင်း ကောင်းလွှတ်တော်ထဲရောက်လာဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် NLD က စီအာပီပီအဖွဲ့ ၀င်ခေါင်းဆောင်တွေ ပြိုင်မယ်ဆိုတဲ့ နေရာမှာ မပြိုင်ဘူးလို့ ပြောလာတော့ ၀မ်းပန်းတသာ ကြိုဆိုခဲ့ တာဖြစ်ပါတယ်။ ဒါပေမဲ့ မဟာမိတ်ကိစ္စက ဆက်ချဲ့မလာနိုင်ပဲ အခုအချိန်မှာတော့ ပါတီဝင်နည်း နည်းပဲရှိ ဗမာစကားတောင် မပြောတဲ့ မြို့တွေမှာ NLDက ပြိုင်ဖို့ လုပ်နေခဲ့ပြီးပါပြီ။

ကျနော့် အနေနဲ့ သျှမ်းပါတီကိုပဲ အဓိကထားပြော နေရခြင်းက ရွေးကောက်ပွဲလုပ်မဲ့ မြို့နယ် ၃၀၀ ကျော်မှာ ၅၄ မြို့နယ်က သျှမ်းပြည်နယ်မှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။ တခြားရခိုင်တို့ ဘာတို့က လည်း သူ့ဒေသတွေမှာ သူနိုင်ဦးမှာပါ။

နီးစပ်သူတွေရဲ့ ပြောဆိုချက် အရတော့ NLD နဲ့ တိုင်းရင်းသား ပါတီတွေ အကြား မဟာမိတ်မဖြစ်ရ တာဟာ ရွေးကောက်ပွဲ နောက်ပိုင်းကာလ အစိုးရဖွဲ့နိုင်ခြေတွေနဲ့ ပတ်သက် တယ်လို့လည်း ဆိုကြပါ တယ်။ ဒါက သူရဦးရွှေမန်းနဲ့ အသေကပ်ကစားလိုတဲ့ NLD နဲ့ မူဝါဒနဲ့ ပတ်သက်တယ်လို့ ဆိုနိုင်ပါ တယ်။

ယတိပြတ်မပြောနိုင်သေးတဲ့သမ္မတလောင်းဘယ်သူလဲဆိုတဲ့ ကိစ္စ
ပြန်တွက်ကြည့်ရင် သမ္မတ မဖြစ်နိုင် ဒုတိယသမ္မတ လောင်းဘယ်သူဆိုတာ မရေရာသေးတဲ့ NLD အနေနဲ့ရွေးကောက်ပွဲ နောက်ပိုင်းကာလ အစိုးရအဖွဲ့ဖွဲ့ခါနီး အချိန်မှာ သူရဦးရွှေမန်းကို သမ္မတ အဖြစ် တင်လာနိုင်မလားဆိုတာ ကလည်း ယတိပြတ် မပြောနိုင်တာကြောင့် ဖြစ်ပါတယ်။

အခုအချိန် အထိလည်း နယ်တွေမှာ ပါတီနာယက ဦးတင်ဦး ၊ ဦးဝင်းထိန်စသဖြင့် အသံထွက်နေ ပေမဲ့ ကာယကံရှင်တွေ ကလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။ ပြည်သူတွေလိုလားတဲ့ ၈၈ ငြိမ်းပွင့်က ဦးကိုကိုကြီး ကတော့ အမတ်နေရာတောင် မရရှာပါဘူး။ လေ့လာသူတွေအဆို အရတော့ သူရဦးရွှေမန်းနဲ့ NLD အကြား တစုံတရာ ပဋိဉာဉ်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ သူရ ဦးရွှေမန်းပြိုင်မဲ့ ဖြူးမြို့နယ်မှာ NLD က ပြိုင်ဖို့ရှိပေမဲ့ ပြိုင်မဲ့ ကိုယ်စားလှယ်က အားမကောင်း တဲ့ အပြင် သူရဦးရွှေမန်းရဲ့ ငယ်သူငယ်ချင်း ဖြစ်တယ်လို့လည်း သူရဦးရွှေမန်းဆီ ဝင်ထွက်နေတဲ့ သူတဦးက ကျနော့ကို ပြောဆိုဖူးပါတယ်။

ဒီလိုတွက်ပြရတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဌာန်းချက်တွေ အရတွက်ပြခြင်း ဖြစ်ပြီးလွှတ်တော် နှစ်ရပ်က ကိုယ်စားလှယ်တွေ ရွေးချယ် တင်မြောက်ထားတဲ့ ဒုသမ္မတလောင်းနဲ့ တပ်မတော်သား တွေတင်မြောက်တဲ့ ဒုတိယ သမ္မတလောင်း သုံးယောက်ထဲက တယောက်ကို သမ္မတအဖြစ် လွှတ် တော် ကိုယ်စားလှယ် တွေက ရွေးချယ်ရတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ နောက်လာမဲ့ ၂၀၁၆ လွှတ်တော် သက်တမ်းမှာ ၅၉ (စ)လိုကိစ္စမျိုးကို သွားပြင်နိုင် အောင် လုပ်နိုင်လိမ့်မယ်လို့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က အတိုင်ဖောက်ညီစွာနဲ့ ဗွီအိုအေ နဲ့ ၂၀၁၄ နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုဖူးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ ဒီလိုကစားတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆစရာပါ.။ တပ်မတော်က မထောက်ခံတဲ့ အတွက် ၂၀၁၀ ကတည်းက သမ္မတ မဖြစ်ခဲ့တဲ့ သူရဦးရွှေမန်း အဖို့ကတော့ အခုလို နိုင်ခြေများတဲ့ အတိုက်ခံပါတီနဲ့ မဟာမိတ်လုပ် နိုင်ခြင်းအားဖြင့် သူ့ရဲ့ သမ္မတအိမ်မက် အသက်ဆက်နိုင်မယ်လို့ မျှော်လင့်ထားပုံပါ။

သူရဦး ရွှေမန်းကတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေက တဘက် အစိုးရနဲ့ တပ်မ တော်ကတဘက်ဆိုတာမျိုး အထိကို ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဆိုထားတာ ကြည့်ရင် သူတို့ အကြားရင်းနှိးမှုက အတိုင်းအတာ တစ်ခုရှိနေပြီလို့ မျှော်လင့်ရပါုတယ်။ ဒါကြောင့်လည်း သူတို့ အိမ်မက်တွေကို အကောင်ထည် ဖော်ဖို့အတွက် နောင်အခါ လာနောင်အခါ စျေးနိုင်သမျှ အကုန် ယူမယ် ဘယ်သူ့မှ အထာထားစရာမလိုဘူးဆိုတဲ့ စတိုင်နဲ့ NLDအနေနဲ့ နေရာစုံမှာ ပြိုင်ဖို့လုပ်လာ တာပါ။

၈၈ မျိုးဆက်နဲ့ NLD
လာမဲ့ ရွေးကောက်ပွဲမှာ မဲမကွဲစေဖို့အတွက် NLD ပါတီာရဲ့ ဖိတ်ခေါ်မှုကြောင့်ပဲ ၈၈ မျိုဆက်တော် တော်များများက NLD ပါတီဝင် တွေအဖြစ် ကူးပြောင်းရောက်ရှိခဲ့တာပါ။

ဒါပေမဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်တဲ့အခါမှာ ပါတီဝင် အမာခံတွေကိုသာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ၂၀ နဲ့ နာမည်ရ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကိုတော့ ချန်လှပ်ထားခဲ့တာကြောင့် နိုင်ငံရေးလောကကို အကြီးအကျယ် ဂယက်ရိုက်ခတ်သွားပြီး NLD ရဲ့ မူဝါဒအပေါ် မေးခွန်းထုတ်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်လာ ပါတယ်။

အထူးသဖြင့် ၈၈ ကျောင်းသား ခေါင်းဆောင်တွေ အားလုံးနီးပါးကို NLD ပါတီ အမတ်လောင်း အဖြစ် လက်မခဲ့တဲ့အပေါ် နိုင်ငံရေး အသိုင်းအဝိုင်း တခုလုံးက အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ သတ်မှတ် ပြောဆိုကြပါတယ်။ ရှစ်လေးလုံး အရေး အခင်းကြီး ဖြစ်ပေါ်ပြီး တဲ့အချိန်ကစလို့ NLD ပါတီပေါ် ထွန်းလာတဲ့ အချိန်အထိ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေက NLD ဘက်က မားမား မတ်မတ်ရပ်တည်ခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရေးမှာလည်း ကျောင်းသား ခေါင်း ဆောင် တွေက NLD ဘက်ကပဲ ရပ်တည်ခဲ့ကြတဲ့ အပြင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျဉ်းချထားချိန်ကလည်း ၈၈ ကျောင်းသား ခေါင်းဆောင် တွေက ဒေါ်အောင် ဆန်းစုကြည် ရုပ်ပုံပါတဲ့ တီရှပ်တွေဝတ်၊ ခမောက်တွေဆောင်း ၊ လမ်းမတွေပေါ်မှာ လက်ချင်းချိတ် ချီတက် လမ်းလျှောက်ရင်း ကြီးမားတဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ကြသူတွေ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုမှာလည်း ၈၈ က NLD ပါတီနဲ့ ပူးပေါင်းခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ရေး လက်မှတ်ပေါင်း ၅ သန်းနီးပါး ကောက်ခံရရှိရေး လုပ်ဆောင်ခဲ့ပါသေးတယ်။

NLD ပါတီအနေနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစု တခုဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို ငြင်းပယ်လိုက်တာက ညီညွတ်မှုအားနည်းနေတဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစု လုံးဝ ပြိုကွဲသွား အောင် လုပ်လိုက်တဲ့ ပွဲသိမ်းရိုက်ချက်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

ခုကိစ္စမှာလည်း ပြန်သုံးသပ်ရရင်တော့ သမ္မတလောင်းကိစ္စတို့ အစိုးရဖွဲ့နိုင်ခြေတို့နဲ့ ပတ်သက်နိုင် ပါတယ်။ အထူးသဖြင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးကို ပြည်သူတော်တော်များများက မျှော်လင့်ချက်ကြီးကြီးထားကြပါတယ်။ ဒါကလည်း သူ့ရဲ့ ပေးဆပ်အနစ်နာခံမှုအပြင် တကယ် နိုင်ငံရေးသမားပီသစွာ လေ့လာကြိုးစားအားထုတ်မှုတွေကြောင့် ဖြစ်ပါတယ်။ သူက အကုန်လုံး နဲ့လည်း ဆက်ဆံရေး ကောင်းအောင်နေတတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ခေါင်းဆောင်မျိုး အဆက်ပြတ်နေတဲ့ NLD အတွက်လည်း ဒုတိယခေါင်းဆောင် ဖြစ်လာနိုင်တယ်ဆိုပြီး မှန်းဆမှုတွေ လည်း ရှိနေတာပါ။ ယုတ်စွအဆုံး လွှတ်တော်အတွင်း ရောက်လို့ ဒုသမ္မ တင်စရာမရှိလို့တင်ရင် တောင် အခန့်မသင့်ရင် သမ္မတချက်ခြင်း ဖြစ်လာနိုင်သူပါ။ အဲဒီလို အခြေအနေကြောင့်ပဲ နောက် ကောက်ချခံခဲ့ရတယ်လို့ ထင်ပါတယ်။ အရည်အချင်းအရ ဘာအရ ဦးကိုကိုကြီးကို ချန်ထားခဲ့ရတာလို့ NLD စီအီးစီတွေက ပြောနေပေမဲ့ ကိုကိုကြီးရဲ့ နိုင်ငံရေးသြဇာကို NLD က ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ တခြား ကိုယ်စားလှယ်တွေ စီအီးစီတွေတောင် မမှီတာ အမှန်ပါပဲ။

လက်တွေ့ကျတဲ့နိုင်ငံရေးသမား
နောက်တချက်က ဦးကိုကိုကြိးအနေနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးသမား တယောက်ဖြစ်တာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ တခြား ၈၈ ထိပ်သီးခေါင်းဆောင် အချို့ဖြစ်တဲ့ ကိုမြအေး၊ ကိုဌေးကြွယ်တို့ကို သူတို့နေရာတွေမှာ ပေးမပြိုင်တာကလည်း တိုက်ဆိုင်မှု ဟုတ်ကောင်းဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သူတို့လည်း NLD ဖိတ်ခေါ်မှုနဲ့ လာသူတွေပဲ ဖြစ်ပါတယ်။

ကိုကိုကြီး အနေနဲ့ ထောင်ကလွတ်ပြီး ၂၀၁၂ ခုနစ်နောက်ပိုင်း အရပ်ဘက်စစ်ဘက် ဆက်ဆံရေး ကောင်းမွန်ဖို့ ရှေ့ရှူကာ အစိုးရ၊ စစ်တပ်အပါအငေ် အတိုက်အခံတွေနဲ့ကော ပြေလည်အောင် နေခဲ့တဲ့အတွက် အားလုံးက သဘောကျတဲ့ အနေထားရှိသူလို့ ဆိုနိုင်ပါတယ်။ မတော်လို့ သူ့ကို ဒုသမ္မတလောင်း တင်လိုက်တာ ဖြစ်ဖြစ် နှစ်ဘက်လုံး တပ်ကိုယ်စားလှယ်တွေပါ လက်ခံမယ်ဆိုရင် ဦးရွှေမန်းတို့အုပ်စု မူလ စီမံထားတဲ့ အစီမံတွေ ပျက်သွားနိုင်တာကြောင့် လားဆိုတာကလည်း စဉ်းစားစရာကိစ္စပါ။

ပကတိလိုအပ်ချက်နဲ့ဝေးကွာဆဲ
တခြား အကြောင်းအရာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်တော့ NLD အနေနဲ့ ဒီမိုကရက်တစ် အင်အားစုအား ကောင်းရး မူဝါဒ၊ ဖက်ဒရာယ်အရေး တိုင်းရင်းသား အရေးတွေနဲ့ ပတ်သက်လို့ ဘာမှ မလုပ်ခဲ့တာလည်း ကြာနေပါပြီ။ စာရေးသူအနေနဲ့ ကောင်းစေချင်တဲ့စိတ်နဲ့ အချက်အလက် တွေအပေါ် အခြေခံပြီး ပြောဆိုနေတာလည်း ဖြစ်ပါတယ်။ စာရေးသူအနေနဲ့လည်း NLD နဲ့ ကြံ့ခိုင်ရေး မဲပုံးထောင်ရင် NLDကိုပဲ ထည့်မှာပါပဲ။

ဒါပေမဲ့ NLD အနေနဲ့ တိုင်းရင်းသားနဲ့ မဟာမိတ်လုပ်မလို ၈၈ နဲ့ ပေါင်းမလိုနဲ့ ခုလိုလုပ်လိုက်တာ ကတော့ အကုန်လုံးကို ပြိုင်ဘက် အဖြစ်သဘောထားပြီး ကြီးထွားမလာအောင် သတ်လိုက်တဲ့ သဘောပါပဲ။ ဒါ့အပြင် ကိုယ်စားလှယ် လောင်းကြည့်ပြီး မဲပေးစရာ မလိုဘူး။ ပါတီကြည့်ပြီး မဲထည့် ရပြီဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ကိစ္စကလည်း ခုမှ ဒီမိုကရေစီနဲ့ စထိတွေ့တဲ့ ပြည်သူ တွေကို နိုင်ငံရေး အသိပညာတက်မလာအောင် သတ်လိုက်သလို ဖြစ်နေပါတယ်။

ပကတိ အနေထားအရ တကယ်လိုအပ်နေတာက ၂၀၁၆ မှာဖြစ်လာမဲ့ လွှတ်တော်မှာ အတိုက်အခံ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသား အင်အားစုတွေ အင်အားကောင်းကောင်းနဲ့ ပါဝင်လာရေးဟာ လက်တွေ့ကျကျပြောရမယ်ဆိုရင် တကယ်လိုအပ်နေတဲ့အရာပါ။ အခုလုပ်လိုက်တဲ့ လုပ်ရပ်တွေ ကတော့ တော်တော်ရုပ်ဆိုး အကျည်းတန်ပါတယ်။ အတိုက်ခံ ပါတီကြိးအနေနဲ့ ယခင် ကွန်မြူနစ် ပါတီလိုပဲ Idealism စိတ်ကူးယဉ်ဝါဒကို စွဲကိုင်တော့မလားလို့ ထင်မှတ်မှားလောက် စရာဖြစ်နေတဲ့ အတွက် တိုင်းပြည်အတွက်ပါ စိုးရိမ်ပူပန်မိတာ အမှန်ပါပဲ။

ကွန်မြူနစ် ပါတီအနေနဲ့ မြန်မာပြည်ရဲ့ အဓိက နိုင်ငံရေး ပြဿနာ နှစ်ရပ်အနက် တရပ်ဖြစ်တဲ့ တိုင်းရင်းသားအရေးကို ဘယ်တော့မှ အလေးမထားခဲ့တာကြောင့် ပြိုပျက်သွားရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရက်တစ်အင်အားစု အားကောင်းရေးမူနဲ့လည်း လွဲချော်နေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်သူ ဥက္ကဌ လုပ်နေတဲ့ ပါတီက ကျင့်သုံးနေတဲ့ မူဝါဒဟာ ဗိုလ်ချုပ် အောင်ဆန်းမူဝါဒတွေဖြစ်တဲ့ တန်းတူရေးမူတို့ အင်အားစုပေါင်းစုံ ပါဝင်တဲ့ တပ်ပေါင်းစုမူတို့နဲ့ ကွာခြားနေတာကလည်း တော်တော်လေး စိတ်ပျက်စရာကောင်းတဲ့ ကိစ္စလို့သာ ဆိုလိုက်ပါရစေ။

(မှတ်ချက် ။ ။ ကောင်းစေလိုသောဆန္ဒဖြင့်သာ ရေးသားလိုက်ရခြင်း ဖြစ်ပါသည် (ပုံ- ဆောင်းပါးရှင်)
ဤဆောင်းပါးပါ အချက်အလက်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။ သျှမ်းသံတော်ဆင့်၏အာဘော် လုံးဝ မပါဝင်ပါ။ (ပုံ-အယ်ဒီတာ- သျှမ်းသံတော်ဆင့်)

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...