ဤဆွေးနွေးပွဲတွင် NCA အပြီးသတ် သဘောတူညီချက်ရရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြောင့် ဖြူးသွားမည်လား၊ သို့တည်းမဟုတ် အပြီးသတ်သဘော တူညီချက် မရရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တုံ့ဆိုင်းနှောင့်နှေးသွားမည်လား ဆိုသည်ကို ပြည်သူလူထုတစ်ရပ်လုံးက ရင်တထိတ်ထိတ်နှင့် မျက်စိဖွင့် နားစွင့် စောင့်ကြည့်နေကြ၏။
၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဂျူလိုင်လ ၂၂ ရက်မှ ၂၄ ရက် အထိရန်ကုန်မြို့ရှိ Myanmar Peace Center တွင် နှစ်ဦးနှစ်ဘက် အကြိတ် အနယ် ဆွေးနွေးခဲ့သော်လည်း အရေးကြီး သည့် အပိုင်းများတွင် သဘောတူညီမှု မရကြောင်း သိရ၏။ SD ဘက်မှ တင်ပြဆွေးနွေးသည့် အချက် ၁၃ ချက်အနက် ၁၀ ချက်ကို UPWC မှ သဘောတူပြီး သဘောတူညီမှု မရသေးသည့် အချက်သုံးချက် မှာ NCAတွင် ပါဝင်လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေများနှင့် လက်မှတ် ရေးထိုးရာ၌ ပါဝင်မည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံး ပါဝင်ရေးတို့ ဖြစ်ကြ၏။
သို့သော် အတွင်းရင်းမြစ်များ၏ ထုတ်ဖော်ပြောကြားချက်အရ သဘောမတူ နိုင်သည့်အချက်များမှာ သုံးချက်ထက်မက ရှိကြောင်း သိရ၏။ ပြည်ထောင်စု သဘောတူစာချုပ်အား ပြည်ထောင်စု လွှတ်တော်တင်သွင်းပြီး အတည်ပြုချက် ရယူခြင်းနှင့်ပတ်သက်၍ ဝေါဟာရ အသုံးအနှုန်း သဘော တူညီမှု မရရှိသေးခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ DDR SSR လုပ်ငန်း စဉ်ကို ဆိုလိုခြင်းဖြစ်သည်ဟု UPWCမှ တပ်ကိုယ်စားလှယ်က ထပ်မံအဆိုပြု တင်ပြခြင်းအပေါ် သဘောတူညီမှုမရခြင်းနှင့် အပစ်ရပ်နယ်မြေအတွင်း ဒေသခံလူထုတို့အား အကျိုးသက်ရောက်မှု ကြီးမားသော စီမံကိန်းများ လုပ်ဆောင်လိုပါက (နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူညီမှု ရယူ၍/ နှစ်ဦး နှစ်ဘက်ညှိနှိုင်း၍) ဟူသည့် စာသားအသုံးအနှုန်းအပေါ် သဘောတူညီမှု မရရှိခြင်းတို့ဖြစ်ကြောင်း သိရ၏။
နောက်ဆုံးနေ့ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး ပါဝင်လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာ၌ မည်မျှ အခြေအတင် အပြန်အလှန် ဆွေးနွေးရ သနည်းဆိုသော် ဆွေးနွေးသည့်ပုဂ္ဂိုလ်တစ်ဦးက မျက်ရည်စက်လက်ရှိုက်သံနှင့် စို့နင့်စွာ ဆွေးနွေးသွား ခဲ့သဖြင့် ဆွေးနွေးပွဲကို ၁၅ မိနစ်ခန့် ခေတ္တခဏ ရပ်နားပေးလိုက်ရကြောင်း သိရ၏။ ၈ ကြိမ်မြောက် ဆွေးနွေးပွဲကြီးတွင် ဤသည်ကို လူပြောသူပြော အများဆုံး ဖြစ်သွားခဲ့၏။ ရာဇဝင် တွင်သွားခဲ့၏။
ဆွေးနွေးပွဲမှ ညှိနှိုင်းရန် ကျန်ရှိသည့် အချက်များနှင့် ပတ်သက်၍ SD သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် Command Center သို့ တင်ပြပြီး ဆုံးဖြတ်ချက်များ ရယူသွားမည်ဖြစ်ကြောင်းဆိုသလို UPWC ကလည်း သမ္မတ ဦးသိန်းစိန်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ UPCC သို့ တင်ပြပြီး အဆုံးအဖြတ် ခံယူသွားမည်ဖြစ်ကြောင်း ရှစ်ကြိမ်မြောက် ဆွေးနွေးပွဲ အပြီး အသံထွက်လာခဲ့သည်ကို သိရ၏။
SD သည် ရန်ကုန်ဆွေးနွေးပွဲပြီးသည်နှင့် ချင်းမိုင်သို့ ချက်ချင်းပြန်ကာ Command Center ခေါ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးကို ဂျူလိုင် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ခေါ်ယူကျင်းပကြောင်း သိရ၏။ ၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲ၏ တိုးတက်ဖြစ်ထွန်းမှုများနှင့် တစ်ဆို့မှု၊ ထစ်ငေါ့မှုများ၊ အခက်အခဲအကျပ်အတည်းများကို အစီရင်ခံတင်ပြပြီး အဆုံးအဖြတ် ခံယူခြင်းပြုလုပ်သွားခဲ့၏။
ထိုထိပ်သီးအစည်းအဝေးသို့ SD အဖွဲ့ဝင်များမှ ထိပ်သီးခေါင်းဆောင်များ ဖြစ်ကြသည့် ကချင်လွတ် လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ သျှမ်းပြည် တိုးတက်ရေးပါတီ နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- Peace Council မှ ဗိုလ်ချုပ် စောယဉ်နု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်လ်တွိဒ်၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU ဥက္ကဌ ကြာခွန်ဆာ၊ ဝ အမျိုးသား အဖွဲ့ ချုပ် WNO ဒုဥက္ကဌ တာ့မဟာ၊ ရက္ခိုင့်တပ်မတော် AA မှ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် SD အဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် အင်အားတောင့်တောင့် အင်အားကောင်းကောင်း အင်အားအပြည့်အစုံနှင့် တက်ရောက်ကြကြောင်း သိရ၏။
ယင်းအစည်းအဝေးမှ NCA လက်မှတ်ရေးထိုးရာတွင် အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၇ ဖွဲ့လုံး (NCCT ၁၆ ဖွဲ့ နှင့် ABSDF) ပါဝင်လက်မှတ်ရေးထိုးရန်နှင့် အားလုံးပါဝင်နိုင်ရေးကို ဆက်လက်ညှိနှိုင်းသွားရန် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ ကြောင်း အစည်းအဝေးထုတ်ပြန်ချက်အရ သိရ၏။
အားလုံး ပါဝင်လက်မှတ်ရေးထိုးမည်ဆိုပါက တိုင်းရင်းသားအဖွဲ့ပေါင်း ၂၁ ဖွဲ့ရှိကြောင်း သိရ၏။ NCCT အဖွဲ့တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်ပြီး ဆက်စပ်အဖွဲ့ အဖြစ် ABSDF အပါအဝင် ၁၇ ဖွဲ့အတွက် လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် တခြားတိုင်းရင်းသား အဖွဲ့အစည်း ပါဝင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြားသိရ၏။
ထို့ကြောင့် လာမည့် ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် အားလုံးပါဝင် လက်မှတ်ထိုးနိုင်ရေးမူနှင့် ပတ်သက်၍ SDမှ မည်ကဲ့သို့ ဆွေးနွေးမည်၊ မည် ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည်၊ မည်ကဲ့သို့ အလျှော့ အတင်း ပြုလုပ် နိုင်မည်ကို အားလုံးက သိလိုမြင်လို ကြားသိလိုလှ၏။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂၁ ဖွဲ့မှ ၆ ဖွဲ့ဖြစ်သော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ရက္ခိုင့်တပ်မတော် AA၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ယူနီယံ LDU ၊ ဝအမျိုး သားအဖွဲ့ချုပ် WNO နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် −ကိုးကန့် အဖွဲ့ MNDAA တို့အား NCA တွင် ပါဝင်လက် မှတ်ရေးထိုးရန် အစိုးဘက်က လက်မခံဘဲ ကချင် လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် ပဏာမ စာချုပ်များ လက်မှတ်ရေးထိုးထားသည့် ၁၅ ဖွဲ့ကိုသာ လက်ခံခဲ့ကြောင်း သိရ၏။
ထို့ကြောင့် အာလုံးပါဝင် လက်မှတ်ထိုးရေးကို နှစ်ဘက်စလုံးက မည်သို့ အဆုံးသတ် ညှိနှိုင်းဆွေးနွေးမည်ကို အားလုံးက သိလိုကြ၏။
ထို့အပြင် အခြားဆွေးနွေးရန်ကျန်သည့် အရေးကြီးအချက်များဖြစ်ကြသော NCA တွင် ပါဝင်လက်မှတ် ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေများ၊ လုံးခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ၊ ပြည်ထောင်စု သဘောတူစာချုပ်ကို လွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူခြင်း တို့ကိုရော ဆွေးနွေးဖော်ဆွေးနွေးဖက် နှစ်ဘက်စလုံးက မည်ကဲ့သို့ အပေးအယူလုပ်ပြီး ညှိနှိုင်း အဖြေရှာနိုင်မည် ဆိုသည်ကို အားလုံးက စိတ်တထင့်ထင့်နှင့် သိချင်ကြ၏။
အသိသက်သေအဖြစ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဘက်မှ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် တရုတ်၊ အိန္ဒယ၊ ထိုင်း၊ ဂျပန်၊ နော်ဝေ၊ အမေရိကန်နှင့် ဗြိတိန် စသည့်နိုင်ငံများ ပါဝင်ရန် လိုလားပြီး အစိုးဘက်က ကုလသမဂ္ဂ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့ကိုသာ ပါဝင်လက်မှတ် ထိုးရန် အဆိုပြုသဖြင့် ဤအကြောင်းအရာကိုလည်း အကျေအလည် ထပ်မံဆွေးနွေးရဦးမည် ဖြစ်ကြောင်း ကြားသိရ၏။
SD တွင် ပါဝင်သည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ချင်းမိုင်ထိပ်သီး အစည်းအဝေးအပြီး ပြောခဲ့သည်မှာ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး NCA တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေး ပျက်ခြင်း မပျက်ခြင်းသည် အစိုးရ၏ သဘောထားအပေါ်မူတည်ပြီး SD အနေဖြင့် ဆက်လက်ညှိနှိုင်းသွားမည်သာဟု ဆိုခဲ့၏။
လက်ရှိအစိုးရသက်တမ်းတွင် NCA မပြီးပြတ်ပါက နောင်လာမည့် အစိုးရသစ် လက်ထက်၌ အသစ် ပြန်စရဖွယ်ရှိကြောင်း၊ သမ္မတကြီး မျက်နှာ မပျက်ရအောင် ဝိုင်းဝန်းလုပ်ဆောင်စေလိုကြောင်း ဝန်ကြီး ဦးအောင်မင်းက ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲ အဖွင့်နေ့တွင် ပြောကြားသွားခဲ့ကြောင်း သိရ၏။
သမ္မတကြီးသာမကဘဲ ငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တနေသည့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး မျက်နှာ မပျက်ရေး၊ ရရှိပြီးသား ငြိမ်းချမ်းရေး မပျက်ရေး၊ ယာလည်းညှက် ကြက်လည်းမော မဖြစ်စေဘဲ နှစ်ဘက်စလုံးအတွက် Win-Win Solution ဖြစ်စေရေး စသည့်............ ရေး............. ရေး............. ရေး များအဖို့ ရှေးရှုပြီး သက်ဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ် နှစ်ဘက်လုံးမှ NCA အချောသတ် အပြီးသတ်နိုင်ရန် တက်ကုန်ရွက်ကုန် အစွမ်းကုန် ကြိုးပမ်းကြပါဟု လေးလေးနက်နက် တိုက်တွန်း၏။
ကိုးကြိမ်မြောက် ဆွေးနွေးပွဲတွင် NCA အပြီးမသတ်နိုင် လက်မှတ်မရေးထိုးနိုင်ပါက ဖြစ်ပေါ်လာ နိုင်မည့် နောက်ဆက်တွဲဆိုးကျိုးများ၊ အနိဌာရုံများကို မြင်ယောင်ပြီး ကြောက်ရွှံ့မိ၏။ ရင်ထိတ်မိ၏။ စစ်၏ ဆိုးမွေများကို ခံရပေါင်းများသဖြင့် စစ်ပွဲဆိုသည်ကို ကြားတိုင်း ခါးသီးနာကျည်းမိ၏။
သို့ဖြစ်၍ NCA ကိုးကြိမ်မြောက် ဆွေးနွေးပွဲကြီးတွင် SD နှင့် UPWC တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အောင်ငြ် စွာ အပြီးသတ်နိုင်ကာ ရှေ့ဆက် တရားဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများ ချမှတ်ပြီး ငြိမ်းချမ်းရေး ဒုတိယအဆင့် ဖြစ်သော နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲနှင့် တတိယ အဆင့်ဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲကြီး ပြီးမြောက်အောင်မြင်သည်အထိ သမိုင်းဝင် ခြေလှမ်းများ လှမ်းနိုင်ပါစေဟု ရှင်တော်မြတ်ဘုရားရှေ့ဝယ် လက်အုပ်ချီ ဆုတောင်းပေးပါ၏။
စစ်မင်း(ဆောင်းပါးရှင်)
သြဂတ်စ် ၄ ရက် ၂၀၁၅
မှတ်ချက်။ ။ သျှမ်းသံတော်ဆင့် အယ်ဒီတာ၏ အာဘော် နှင့် သဘောထား မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား သိစေအပ်ပါသည်။ (အယ်ဒီတာ)







