မြိုင်မြို့နယ် ဝဲတူးရေနံမြေအတွင်း စစ်အုပ်စုတပ် စစ်ကြောင်း ဝင်ရောက်

မြိုင်မြို့နယ် ဝဲတူးရေနံမြေအတွင်း စစ်အုပ်စုတပ် စစ်ကြောင်း ဝင်ရောက်
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး

အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်းမှ ရှေ့ပြေးကင်းများ ဝင်ရောက်သွားနိုင်ခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှု အဖွဲ့အစည်း (မြိုင်) ထံမှ သိရှိရသည်။

မြိုင်မြို့နယ်၊ ယာကြီးပြင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည် ရှေ့သို့တိုး၍ တောင်စုံ နှင့် မှန်ရင်း ကျေးရွာများတွင် ဖြန့်ကြက်နေရာယူပြီးနောက် ယမန်နေ့ (ဩဂုတ်လ ၁၆ ရက်) တွင် ဝဲတူးရေနံမြေသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ သို့ ပြောသည်။

“မနေ့က ဝဲတူးရေနံမြေထဲကို စပြီး သူတို့ စခန်းဟောင်းနေရာတွေထိတောင် ၂၀၂၄ ခုနှစ်က သူတို့ စခန်းဆုတ်ခွာ ခဲ့ရတဲ့ စခန်းဟောင်းနေရာတွေအထိအောင် ရောက်အောင်သွားတယ်လို့ သိရတယ်ဗျ။ အဲ့ဒီ မနေ့ကပဲ အဲ့ဒီနား တွေမှာ သူတို့ မိုင်းထိတာ ဘာညာရှိတော့ မှန်ရင်းရွာထဲကို ပြန်ဆုတ်သွားတယ်လို့ သိရတယ်ဗျ။ လက်ရှိအခု သတင်းဖြေနေတဲ့ အချိန်မှာပဲ ဒီဝဲတူးရေနံမြေထဲကို ဆက်ပြီးတော့မှ စစ်ကြောင်းထိုးနေတယ်လို့ သိရတယ်ဗျ” ဟု ပြောသည်။

ယာကြီးပြင်ကျေးရွာသို့ စစ်အုပ်စုတပ် စစ်ကြောင်း စတင်ဝင်ရောက်ချိန်ကတည်းက ဝဲတူးရေနံမြေရှိ လုပ်သား များ၊ ဝဲတူးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

“ကျောက်ခွက်ရေနံမြေက ဝဲတူးတို့ ဝဲဝမ်းတို့နဲ့ ဆက်တိုက်ရှိတာဗျ။ အဲ့ဒီနားမှာတော့ ဝဲတူးထဲကိုမှ သူတို့ စစ်ကြောင်းရောက်တယ်ဆို ကျောက်ခွက်ကလည်း ကျွန်တော်တို့ အဲ့ဒီနားကလည်း အကုန်လုံး စစ်ရှောင်ကြ လိမ့်ဗျ” ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာဝန်ရှိသူက ဆက် ပြောသည်။

မြိုင်မြို့နယ်အတွင်း စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့မှစ၍ တကျော့ပြန် စစ်ကြောင်းထိုး လာခြင်းဖြစ်ကာ စစ်ကြောင်းထိုးနေသည့် ကာလအတွင်း မြိုင်မြို့နယ်ရှိ သင်းမ၊ ကန်နက်၊ လက်ခုတ်ပင်၊ ညောင်ကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် ယာကြီးပြင် စသည့် ကျေးရွာများလည်း မီးရှို့ခံခဲ့ရသည်။

မြိုင်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ လည်းရှိနေပြီး စစ်အုပ်စုတပ်ဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ် ပြုလုပ်နေသည်။

လက်ရှိတွင် မြိုင်မြို့နယ်အတွင်း စစ်အုပ်စုတပ် စစ်ကြောင်းထိုးနေသည့်အတွက် ကျေးရွာ ၁၅ ရွာမှ ၂၀ အကြားရှိ ဒေသခံ အနည်းဆုံး ၁၅,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့ အစည်း (မြိုင်) က ဆိုသည်။

စစ်အုပ်စုတပ် စစ်ကြောင်းထိုးနေသည့် ကာလအတွင်း နေအိမ် ၃၃၀ ကျော် မီးရှို့ခံခဲ့ရပြီး ဒေသခံ ၂၉ ဦး သတ် ဖြတ်ခံခဲ့ရကြောင်း အညာမြေတပ်ပေါင်းစုက ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...