ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက် တူးဖော်မှုများ ပိုမို အရှိန်မြင့်တက်လာကာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအပြင် ဒေသခံများ၏ ကျန်းမာ ရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အမျိုးသမီးများအပေါ် ထိခိုက်မှုများ ရှိနေကြောင်း သုတေသီများက ပြော သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဩဂုတ်လ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ့အရေး လေ့လာမှုညီလာခံ (ICBMS5) တွင် Zung Ting၊ Cindy Aung နှင့် Seng Li တို့က ကချင်ပြည် အတွင်း မြေရှားသတ္တုတူးဖော်မှု အခြေအနေများကို တင်ပြခဲ့ကြသည်။
ဆွေးနွေးပွဲတွင် Stimson Center ၏ အချက်အလက်များကို ကိုးကားတင်ပြရာ ၂၀၂၆ ခုနှစ်အတွင်း ကချင်ပြည်၌ ရွှေနှင့် မြေရှားသတ္တုတူးဖော်သည့်နေရာ စုစုပေါင်း ၁,၄၈၀ ရှိပြီး ယင်းအနက် ၅၁၄ ခုမှာ မြေရှားသတ္တု တူးဖော် သည့်နေရာများ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကချင်ပြည်တွင် မြေရှားသတ္တုတူးဖော်မှု သိသိသာသာ များပြားလာခြင်းမှာ တရုတ်နိုင်ငံ၏ မြေရှားသတ္တု မူဝါဒ အပြောင်းအလဲနှင့်လည်း ဆက်စပ်နေကြောင်း သုတေသီများက ထောက်ပြကြသည်။
တရုတ်အစိုးရက ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြေရှားသတ္တုလုပ်ငန်း၌ တူးဖော်ထုတ်ယူမှုထက် သန့်စင် ထုတ်လုပ်ရေးဘက်သို့ ပိုမိုအာရုံစိုက်လာပြီး ပြည်တွင်း တရားမဝင် တူးဖော်မှုများကို ထိန်းချုပ်လာချိန်တွင် တရုတ်နယ်စပ်နှင့် ထိစပ်နေသည့် ကချင်ပြည်နယ်၊ ချီဖွေနှင့် ပန်ဝါဒေသတို့၌ မြေရှားသတ္တုတူးဖော်မှုများ သိသိသာသာ တိုးတက်လာခဲ့ကြောင်း တင်ပြချက်တွင် ဖော်ပြထားသည်။
အဆိုပါ အခြေအနေသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုမိုမြင့်တက်လာခဲ့ပြီး ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်မှုများ အရှိန်အဟုန်ဖြင့် တိုးချဲ့လာခဲ့ကြောင်း သုတေသီများက ဆိုသည်။
တူးဖော်မှုများ များပြားလာခြင်းနှင့်အတူ သစ်တောပြုန်းတီးခြင်း၊ ရေနှင့် မြေဆီလွှာ ညစ်ညမ်းခြင်း၊ စိုက်ပျိုးမြေ များ ထိခိုက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ရာဒေသများ ပျက်စီးဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်လျက် ရှိကြောင်း သုတေသန တင်ပြချက်များတွင် ဖော်ပြထားသည်။
မြေရှားသတ္တုတူးဖော်ရာတွင် တောင်ပေါ်သစ်တောများကို ရှင်းလင်းကာ မြေထဲသို့ အပေါက်များဖောက်၍ ဓာတု ပစ္စည်းများ ထည့်သွင်း အသုံးပြုရပြီး ယင်းမှ ထွက်ရှိလာသည့် အညစ်အကြေးများသည် မြစ်ချောင်းများ၊ မြေ အောက်ရေနှင့် စိုက်ပျိုးမြေများအတွင်း စီးဝင်နိုင်သဖြင့် ဒေသခံများ၏ သောက်သုံးရေနှင့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများကိုပါ ထိခိုက်စေကြောင်း သုတေသီများက ထောက်ပြကြသည်။
ကချင်ပြည်၏ မြေရှားသတ္တုလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးပြဿနာများသာမက ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် နယ်မြေထိန်းချုပ်ရေးတို့နှင့်လည်း ဆက်နွှယ်နေကြောင်း ဆိုသည်။
၂၀၂၄ ခုနှစ်အတွင်း KIO/KIA က ချီဖွေ၊ ပန်ဝါအပါအဝင် မြေရှားသတ္တု ထွက်ရှိရာဒေသများကို ယခင် နယ်ခြား စောင့်တပ် (NDA-K) ထိန်းချုပ်မှုမှ သိမ်းယူခဲ့ပြီးနောက် မြေရှားသတ္တုလုပ်ငန်း၏ အုပ်ချုပ်ရေးပုံစံလည်း ပြောင်းလဲလာခဲ့သည်။
ဆွေးနွေးပွဲတွင် “The Governance of Rare Earths Mining in Kachin” ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည့် Seng Li ၏ တင်ပြချက်ပါ အချက်အလက်များအရ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ မြေရှားသတ္တု တန်ချိန် ၁၄၀,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တန်ချိန် ၁၇၀,၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ တင်ပို့သည့် မြေရှားသတ္တုပမာဏသည် တရုတ်နိုင်ငံ၏ စုစုပေါင်း မြေရှားသတ္တု တင်သွင်းမှု၏ ၇၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ မြေရှားသတ္တု တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၄၃ သန်းခန့် ရှိကြောင်း တင်ပြချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ကချင်ပြည်နယ်မှ မြေရှားသတ္တုသည် ဝင်ငွေရရှိစေသည့် သယံဇာတတစ်ခက် သာမဟုတ်ဘဲ လက် နက်ကိုင်အဖွဲ့များ၏ နယ်မြေထိန်းချုပ်မှု၊ စစ်ရေးနှင့် နိုင်ငံရေးအင်အား၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတို့နှင့်ပါ နီးကပ်စွာ ဆက်နွှယ်နေကြောင်း သုတေသီများက သုံးသပ်ကြသည်။
KIO/KIA က ဒေသကို ထိန်းချုပ်ပြီးနောက် မြေရှားသတ္တုတူးဖော်ရေးအတွက် စည်းမျဉ်းနှင့် အုပ်ချုပ်ရေးယန္တရား အချို့ ချမှတ်လာသော်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ အလုပ် သမားအခွင့်အရေးနှင့် ဒေသခံပြည်သူများ ဆုံးဖြတ်ချက်ချရာတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်ခွင့်ရရှိရေးတို့မှာ စိန်ခေါ် မှုများအဖြစ် ဆက်လက် တည်ရှိနေကြောင်း ဆွေးနွေးပွဲတွင် ထောက်ပြခဲ့ကြသည်။
ကချင်ပြည်ရှိ မြေရှားသတ္တုတူးဖော်မှုသည် သယံဇာတ ထုတ်ယူရေးကိစ္စတစ်ခုထက် ကျော်လွန်လာပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ ဒေသခံများနှင့် အမျိုးသမီးများ၏ အခွင့်အရေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် နယ်မြေ ထိန်းချုပ်မှုတို့အပြင် တရုတ်နိုင်ငံ၏ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်နှင့်ပါ ဆက်စပ်နေသည့် ဒေသတွင်း ပြဿနာတစ်ရပ် ဖြစ်လာနေကြောင်း သုတေသီများက သုံးသပ်ထားသည်။







