ရွာငံတွင် သက်ငယ်မုဒိမ်းကျူးလွန်သူ ၂ လကျော်ကြာသည်အထိ ဖမ်းမမိသေး

ရွာငံတွင် သက်ငယ်မုဒိမ်းကျူးလွန်သူ ၂ လကျော်ကြာသည်အထိ ဖမ်းမမိသေး

ရှမ်းပြည် တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား ၂ လကျော်ကြာသည်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ်အတွင်းက အဆိုပါကျေးရွာနေ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက် ၄၀ ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

တရားခံအား ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး ယခုအချိန်အထိ ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးပေ။

“စစ်သားတွေက စစ်ကြောင်းတော့ နေ့တိုင်းရှိတယ်၊ တရားခံကို ရှာတာလား သူတို့ကိစ္စရှိလို့လားတော့ မသိဘူး၊ ဖမ်းဆီးဖို့ရော အစီအစဉ်ရှိလားတောင် မသိဘူး၊ ကြာလာတော့ လူတွေက မေ့ပျောက်လာကြတယ်၊ ဘယ်သူမှ အရေးယူ ဆောင်ရွက်ပေးတာမျိုး မရှိဘူး၊ ဒီတိုင်း မေ့ပျောက်သွားမှာ စိုးရိမ်တယ်” ဟု ရွာငံဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ရွာငံမြို့နယ်အတွင်း စစ်တပ်က နယ်မြေစိုးမိုးထားပြီး စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသော်လည်း တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အပေါ် ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ်လျက်ရှိသည်။

ကျူးလွန်ခံရသူ မိသားစုဝင်များအနေဖြင့်လည်း တရားခံ ပြန်လည်ရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “တရားခံက မမိသေးတော့ ရွာထဲမှာတောင် စိတ်ချလက်ချ မနေနိုင်သေးဘူး။ ဘယ်ချိန်ပြန်လာပြီး ဒုက္ခပေးမလဲ စိုးရိမ်နေရတာ၊ ကျူးလွန်ခံရတဲ့ မိသားစုဝင်ဆို ပိုလို့တောင် စိတ်မချနိုင် သေးဘူး။ တစ်ခုခု ပြန်လာလုပ်မှာ စိုးရိမ်ရတယ်၊ ဒီအမှုတောင် အလေးထား မဆောင်ရွက်ပေးနိုင်ရင် ဘယ်နား ယုံကြည်အားကိုးလို့ရတော့မလဲ၊ စစ်တပ်ရှိလည်း ဘာမှမထူးဘူးဆိုတာ ဖြစ်လာတယ်” ဟု ပြောသည်။

ရွာငံမြို့နယ်အတွင်း စစ်တပ်က နယ်မြေစိုးမိုးထားသော်လည်း လူသတ်မှု၊ ခိုးဆိုးလုယက်မှုနှင့် မုဒိမ်းမှုကိစ္စများကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မှု မရှိသည့်အတွက် ဒေသခံများအနေဖြင့် စစ်တပ်အပေါ် ယုံကြည်မှု ကင်းမဲ့နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ရွာငံမြို့နယ်၌ စစ်တပ်က နယ်မြေစိုးမိုးထားသည့်အပြင် ကျေးရွာအတွင်းရှိ ပျူစောထီးခေါင်းဆောင် များ၊ စစ်အုပ်စု သတင်းပေးများအပြင် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများကို အမည်မသိလက်နက်ကိုင်အဖွဲ့များက ပစ်ခတ်သတ်ဖြတ်မှုများလည်း ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...