မင်းပြားနှင့် ပေါက်တောကို ရခိုင်ရာဇဝင်လာ အမည်များ ပြောင်းလဲရန် ULA/AA စီစဉ်

မင်းပြားနှင့် ပေါက်တောကို ရခိုင်ရာဇဝင်လာ အမည်များ ပြောင်းလဲရန် ULA/AA စီစဉ်

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့နှစ်မြို့ကို မကြာခင် ရခိုင်ရာဇဝင်လာ အမည်များသို့ ပြန်လည် ပြောင်းလဲသတ်မှတ်ရန် စီစဉ်နေကြောင်း အေအေနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

အမည်ပြောင်းလဲရာတွင် မင်းပြားမြို့ကို နက်မှောင်ကြည်လင်သော ကျောက်မျက်မြို့ဟု အဓိပ္ပာယ်ရသည့် “အဉ္ဇနပူရ” ဟု လည်းကောင်း၊ ပေါက်တောမြို့ကို သူရဲကောင်းတို့မြို့ဟု အဓိပ္ပာယ်ရသည့် “ဝီရဌာနီ” ဟု လည်းကောင်း ပြောင်းလဲသတ်မှတ်မည် ဖြစ်သည်။

မြို့နာမည်ပြောင်းလဲခြင်း အထိမ်းအမှတ်နှင့် အာရက္ခဒေသ စိမ်းလန်းစိုပြေရေးအတွက် ULA/AA အုပ်ချုပ်ရေး အဖွဲ့များ၊ သစ်တောနှင့် မီးသတ်ဌာန၊ လူငယ်နှင့် အမျိုးသမီးအင်အားစုများ စုပေါင်းကာ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က သစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်ခဲ့ကြသည်။

“ကျမတို့ ပေါက်တောကို “ဝီရဌာနီ”၊ မင်းပြားမြို့ကို “အဉ္ဇနပူရ” လို့ပြောင်းမယ်ဆိုတာ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးတဲ့နေ့က ပြောကြတယ်။ တပ်တော်ရဲ့ဗဟိုက အတည်ပြု ထားပြီလို့ သိရတယ်။” ဟု ပေါက်တော ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။  “ကိုယ့်ပြည်နယ် ကိုယ့်အုပ်ချုပ်ရေးမှာ သင့်တော်သလို ဖြစ်သင့်တာတွေကို လုပ်ဆောင် တယ်လို့ပဲ ထင်တယ်” ဟု သူက ဆက် ပြောသည်။

မင်းပြားနှင့် ပေါက်တောမြို့များ၏ အမည်သစ်များကို ULA/AA ဗဟိုတာဝန်ရှိသူများ သဘောတူညီပြီး ဖြစ်သော ကြောင့် မကြာမီ တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

မင်းပြားမြို့တွင် အမည်ပြောင်းလဲခြင်းကို ကြိုဆိုသည့်အနေဖြင့် မင်းပြား-မြောက်ဦး လမ်းမနှင့် မင်းပြား-မြေပုံ ဟိုင်းဝေးလမ်းမတစ်လျှောက် မလေးရှားပိတောက်နှင့် စိန်ပန်းပင်များကို အဓိကထား စိုက်ပျိုးခဲ့ကြပြီး၊ ပေါက်တောမြို့ တွင်လည်း ဒေသခံလူထု စုပေါင်းကာ နှစ်ရှည်ကျွန်းပင်များကို စိုက်ပျိုးခဲ့ကြသည်။

ထို့ပြင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ဒေသနှင့် ချင်းပြည် ပလက်ဝမြို့နယ်တို့တွင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ Grade-12 တန်း၏ မြန်မာစာဖတ်စာကို ရခိုင်ဖတ်စာဖြင့် အစားထိုးသင် ကြားရန် စီစဉ်နေသည်။

အဆိုပါ ရခိုင်ဖတ်စာသင်ရိုးတွင် ရှေးခေတ်ရခိုင်စာဆိုများ၏ ကဗျာ၊ ရသစာတမ်းနှင့် ဝတ္ထုတိုများ ပါဝင်မည်ဖြစ် ပြီး တစ်ချိန်က ဖျောက်ဖျက်ခံခဲ့ရသည့် ရခိုင်စာပေနှင့် သမိုင်းကို ပြန်လည်သင်ကြားခွင့်ရရှိမည်ဖြစ်သည်။

Most read this week

Human Rights Foundation of MonLand
September 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဖလူးဒေသရှိ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းကို...
ဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ / Crd
September 8, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က...
September 8, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ လူနေအိမ်များကို စစ်အုပ်စုတပ်က...
September 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့...