မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရှိ၍မဟုတ်ဘဲ စစ်အာဏာရှင် အဆက် ဆက်က ပြည်သူလူထု၏ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်ပြီး မီးမပေးခြင်းကြောင့်သာဖြစ်ကြောင်း ကချင် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုသည်။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ပြီးပါက တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိမည်ဟူသော စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးနှင့် ကချင်ပြည် ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့၏ ပြောဆိုမှုများအပေါ် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
KHRW ပြောရေးဆိုခွင့်ရှိသူ ဂျေကော့က “နေရာတော်တော်များများပေါ့နော် မီးမရတာရှိပါတယ်။ ဒီဟာက တော့ ရေအားလျှပ်စစ်ပေါ့နော် မရှိတဲ့ကြောင့် မဟုတ်ပါဘူး။ သူတို့ ပြည်သူလူထုတွေရဲ့ ဒီ အခြေခံ ရပိုင်ခွင့်ကို သူတို့ ချိုးဖောက်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီမီးပေးတဲ့ စနစ်ပေါ့နော် သူတို့ က ပြည်သူလူထုတွေကို တမင်တကာ လိုအပ်ချက်တွေကို သူတို့က ပိတ်ပင်နေလို့ပဲ ဖြစ်ပါတယ်ခင်ဗျာ” ဟု ပြောသည်။
စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဇွန်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် မြစ်ဆုံ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက တစ်နိုင်ငံလုံး မီးရရှိမည်ဟု ပြောဆိုထားသကဲ့သို့ ကချင်ပြည် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကလည်း ဇွန်လ ၂၃ ရက်နေ့က မိုးကောင်းမြို့နယ် ဆားမှော်ဘူတာ၌ ဒေသခံများနှင့် တွေ့ဆုံစဉ် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မည်ဖြစ်၍ လျှပ်စစ်မီးရရှိတော့မည်ဟု ပြောဆိုခဲ့သည်။
စစ်အုပ်စုသည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာနေပြီး ကချင်ပြည် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုယ်တိုင် လူထုစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။
၎င်းက မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ငလျင်ဒဏ်ခံနိုင်အောင် လုပ်ဆောင်မည့်အပြင် ဂြိုဟ်တုမှတစ်ဆင့်လည်း ရေကာတာအခြေအနေကို ၂၄ နာရီ စောင့်ကြည့်သွားမည်ဟု ပြောဆိုထားသည်။
သို့ရာတွင် ငလျင်ကြောပေါ်၌ တည်ရှိနေသည့် မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ပါက ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသည်။
ကချင်ပြည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက် (KSHRDN) ပြောရေးဆိုခွင့်ရှိသူ ဆိုင်းမိုင် က “ကမ္ဘာပေါ်မှာ ဘယ်လောက်ကြီးမားတဲ့ ဘယ်လောက်ခိုင်ခံ့ပါတယ်ဆိုတဲ့ ဒီရေကာတာ စီမံကိန်းတွေပဲ ဖြစ် ဖြစ်ပေါ့။ ဒါကတော့ ကျမတို့က သဘာဝဘေး အန္တရာယ်တကယ့် အခြေအနေ ဆိုးဝါးတဲ့ အခြေအနေမှာဆိုရင် ငလျင်ကြောမှာ ရှိနေတယ်ဆိုရင်တော့ အင်မတန်မှ ကြောက်ဖွယ်ကောင်းပါတယ်။ မြစ်ကြီးနားမြို့ဆိုရင် အကယ်၍ ရေကာတာသာ ကျိုးပေါက်ခဲ့မယ် ဆိုရင် မိနစ်အနည်းငယ် အတွင်းမှာ တစ်မြို့လုံး နစ်မြုပ်သွား နိုင်ဖွယ် အခြေအနေမှာ ရှိနေသလို နောက်တစ်ခုက ကျမတို့ ဧရာဝတီမြစ် တိမ်ကောတဲ့ ဟာတွေပေ့ါနော။ အပေါ်မှာ ရေလောင်ကန်ကို ပိတ်လိုက်လို့ရှိရင် မြစ်ရေတိမ်ကော သွားမယ်။ သဲသောင်ထွန်းလာတဲ့ဟာတွေ ပိုဖြစ်လာမယ်” ဟု ပြောသည်။
ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်းတွင် တည်ဆောက်ရန် စီစဉ်ထားသည့် မြစ်ဆုံစီမံကိန်းတွင် ချီဖွေဆည်၊ လိုင်ဇာ (မလိယန်) ဆည်၊ အူဆောက်ဆည်၊ ခေါင်လန်ဖူးဆည်၊ ရီနန်ဆည်၊ ဖီဆော်ဆည် နှင့် ဧရာဝတီမြစ်ဆုံဆည် အပါအဝင် ဆည်စုစုပေါင်း ၇ ခု ပါဝင်သည်။
မူလက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသော လျှပ်စစ်ဓါတ်ာအး စုစုပေါင်း၏ ၉၀% ကို တရုတ်နိုင်ငံသို့ ရောင်းချရန် လျှာထားခဲ့သည်။ သို့ ဖြစ်ရာ လျှပ်စစ်ဓါတ်အား အများစုမှာ မြန်မာနိုင်ငံအတွက် ဖြစ်မည် မဟုတ်သောကြောင့် မြန်မာနိုင်ငံ လျှပ်စစ်ဓါတ်အား ရမည်ဆိုသည့် ပြောဆိုချက်မှာ အခြေအမြစ်မရှိပဲ ဖြစ်နေသည်။
နောက်ပိုင်းတွင် စစ်အုပ်စုနှင့် တရုတ်ကုမ္ပဏီအကြား အချိုးအစားသစ်များ ညှိနှိုင်းနေသည် ဆိုသည့် အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်နေသော်လည်း စစ်အုပ်စု အနေဖြင့် မြန်မာနိုင်ငံအတွက် မည်မျှ အသုံးပြုမည် ဆိုသည်ကို တိကျစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သေးပေ။
စစ်အာဏာရှင် အဆက်ဆက်က ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ခဲ့သည့် ဒေသတိုင်းတွင် ဒေသခံများကို မီးပေးမည်ဟု ပြောဆိုခဲ့သော်လည်း စက်ရုံတည်ဆောက်ပြီးနောက် မီးမရရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကိုသာ ရင်ဆိုင်ခဲ့ရကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြကြသည်။
ကချင်ပြည်၊ ချီဖွေမြို့နယ်အတွင်းရှိ ချီဖွေငယ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်စဉ်ကလည်း ဒေသခံများကို လျှပ်စစ်မီးရရှိမည်ဟု မက်လုံးပေးခဲ့သော်လည်း လက်တွေ့တွင် မီးရရှိခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ချီဖွေငယ်စီမံကိန်းကြောင့် ဒေသခံများ၏ ဥယျာဉ်ခြံမြေများ ရေနစ်မြုပ်ပျက်စီးခဲ့ရသော်လည်း လျော်ကြေး တစ်စုံတစ်ရာ မရရှိခဲ့ပေ။
စီမံကိန်းနယ်မြေအတွင်း တူးဖော်ထားသည့် ကျင်းများထဲသို့ ဒေသခံများ၏ ကျွဲ၊ နွား တိရစ္ဆာန်များ ကျရောက် သေဆုံးမှုများလည်း ရှိခဲ့သည်။
ဒေသခံများသည် သားငါးရှာဖွေစားသောက်မှု ကန့်သတ်ခံရခြင်းနှင့် ရေအရင်းအမြစ် ညစ်ညမ်းခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ယနေ့တိုင် ခံစားနေရကြောင်း ကချင်ဒေသခံများက ပြောသည်။







