ချင်းတောင်ပိုင်းနှင့် စစ်ကိုင်းတွင် ဗုံးကြဲမှုကြောင့် အရပ်သား သေဆုံးမှုမြင့်တက်

ချင်းတောင်ပိုင်းနှင့် စစ်ကိုင်းတွင် ဗုံးကြဲမှုကြောင့် အရပ်သား သေဆုံးမှုမြင့်တက်

ချင်းပြည် တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ ပိုမိုစိပ်လာပြီး စစ်ဘေးရှောင်ဒုက္ခသည်များ အပါအဝင် အရပ်သားသေဆုံး ထိခိုက်မှုနှုန်း ဆက် တိုက်မြင့်တက်လာနေကြောင်း ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့၊ ည ၁၁ နာရီခွဲခန့်တွင် ချင်းပြည်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (ရွာဟောင်း) ရှိ စစ်ဘေးဒုက္ခသည်များ ခိုလှုံနေသည့်နေရာကို စစ်ကတပ်က လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။

ထိုတိုက်ခိုက်မှုကြောင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး နောက်ထပ် ၁၀ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ကျင်ဒွေးဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက “သေဆုံးသွားတာက အမျိုးသား ၃ ယောက် နဲ့ အမျိုးသမီး ၂ ယောက်ပါ။ အခု ဗုံးကြဲခံရတဲ့သူတွေက အရင် ကျင်ဒွေးမြို့သိမ်း တိုက်ပွဲကတည်းက ကာလ ရှည် စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီဘက်မှာ တိုက်ပွဲလည်းမရှိဘူး၊ စစ် ကြောင်းလည်း မရှိဘဲနဲ့ အိပ်ပျော်နေတဲ့ ညသန်းခေါင်မှာ လာပြီး ဗုံးကြဲသွားတာပါ။ ဒဏ်ရာရတဲ့သူတွေကိုတော့ အရေးပေါ် ကုသပေးပြီး ဆရာဝန်ရှိတဲ့နေရာကို အခက်အခဲကြားက ပို့ထားရတယ်” ဟု ပြောသည်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စာရင်းများနှင့် ဒေသတွင်း သတင်းထုတ်ပြန်ချက်များ အရ ချင်းပြည် တောင်ပိုင်း မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှ ယခု ဇွန်လအထိ နှစ်လအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီ ဖြစ်သည်။

အလားတူ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ဗျူဟာမြောက် ခမ်းပတ်မြို့တိုက်ပွဲတွင်လည်း စစ်တပ်၏ လေကြောင်းဗုံးကြဲမှုများကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ခမ်းပတ်မြို့၏ နေရာတဝက်ခန့်ကို စစ်တပ်ဘက်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဟု ဆိုသော်လည်း၊ မြို့ပေါ်အမှတ် (၁) ရပ်ကွက်အတွင်း၌မူ စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ဆက်တိုက် ဗုံးကြဲနေဆဲဖြစ်ကာ ယနေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

ဒေသခံတစ်ဦးကလည်း “မြို့ကို သိမ်းနိုင်ပြီဆိုပြီး ဝါဒဖြန့်နေပေမဲ့ မြေပြင်မှာတော့ အမှတ် ၁ ရပ်ကွက်ထဲကို လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲနေတုန်းပဲ။ အိမ်တွေ ဘယ်လောက်ပျက်စီးကုန်ပြီလဲ မသိရသေးဘူး။ လေကြောင်းရန်က ဘယ်အချိန် ထပ်လာမလဲမသိဘူး။ လေယာဉ်သံကြားတာနဲ့ ကျင်းထဲပြေးဖို့ပဲ ပြင်ထားရ တယ်” ဟု ပြောသည်။

လတ်တလောတွင် စစ်ကိုင်းတိုင်း ကလေး၊ တမူးမြို့နယ်များနှင့် ချင်းပြည်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်းများစွာမှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာကာ နီးစပ်ရာ တောတောင်များနှင့် ဥယျာဉ်ခြံများထဲသို့ ရာသီဥတုဆိုးဝါးမှုကြားမှ ထပ်မံတိမ်းရှောင်နေကြရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများ အတွက် နေရာထိုင်ခင်း၊ ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာ အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကူညီပေးနေသူများက ပြောသည်။

June 23, 2026
ကချင်ပြည်၊ ဖားကန့်နှင့် မိုးကောင်းမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်း၊...
ဓါတ်ပုံ - Karenni College of Social Sciences & Humanities, Karenni Law College
June 22, 2026
စစ်တပ်၏ လေကြောင်းရန် အန္တရာယ်နှင့် ဘဏ္ဍာရေး အကျပ်အတည်းများကြားမှ တော်လှန်ရေးနယ်မြေ အသီး သီးရှိ...
June 20, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် နယ်စပ်ဝန်ကြီးချုပ်နှစ်ဦးနှင့် ထိပ်သီး...
June 19, 2026
စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို တင်ပြဆွေးနွေးရန်အပါအဝင် လက်ရှိ စစ်ရေး...