တောင်မော်ဦးစစ်မျက်နှာတွင် မြန်မာစစ်တပ်စစ်ကြောင်း ဒုတိယအကြိမ် စစ်ဦးကျိုး

တောင်မော်ဦးစစ်မျက်နှာတွင် မြန်မာစစ်တပ်စစ်ကြောင်း ဒုတိယအကြိမ် စစ်ဦးကျိုး

ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးအနီးရှိအဝတောင်ကျေးရွာအထိုင်စခန်းမှလေကြောင်းပစ်ကူ၊နေဗီပစ်ကူများဖြင့်အင်အားအများအပြားစုဆောင်းကာ ဒုတိယအကြိမ် အာရက္ခတပ်တော်ထိန်းချုပ်နေရာသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် အကျဆုံးများပြီးစစ်ဦးကျိုးကာ ထပ်မံနောက်ဆုတ်သွားရသည်ဟု သတင်းရရှိသည်။

ထိုသို့ နောက်ဆုတ်သွားပြီးနောက် ယခုရက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်နေသည်ဟု ဒေသခံစစ်ရေး ရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

" ဒီတစ်ကြိမ်က ဒုတိယ တစ်ကြိမ်ပါ။ ဇွန်လ ပထမပတ်နဲ့ ဒုတိယပတ်မှာ လေကြောင်းက အပြင်းအထန် ဗုံးကြဲပြီး အင်အားအများအပြားနဲ့ တက်လာတဲ့ စစ်ကြောင်းပါ။ ရွာတွေကိုလည်း နေဗီတွေက လက်နက်ကြီးနဲ့ပစ်၊ လေကြောင်းကနေ ဗုံးကြဲ၊ အပြင်းအထန် ဗုံးမိုးရွာပြီး ထိုးစစ်ဆင်ခဲ့တာပါ။  ဒီတစ်ကြိမ် တိုက်ပွဲလည်း အရမ်း ပြင်းထန်ခဲ့ပါတယ်။ စစ်တပ်က အကျအဆုံးများပြီး ဒဏ်ရာရသူတွေကို ယူဆောင်ပြီး အဝတောင်စခန်းကို နောက်ဆုတ်သွားတယ်။ အခုရက်ပိုင်းမှာတော့ တိုက်ပွဲရပ်တန့်နေတယ်"ဟုပြောသည်။

အာဏာသိမ်းစစ်တပ်သည် ၂၀၂၆ ခုနှစ် မေလ ၁၀ ရက်နေ့လည်း စနဲမြို့ကို သိမ်းပိုက်ရန် ပထမအကြိမ်ထိုးစစ်ကို တောင်မော်ဦးရေတပ်မှ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့ပြီး စနဲမြို့အနီးအရောက်တွင် AAမှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် နောက်ဆုတ်သွားခဲ့ရသည်။

အဆိုပါတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင် ၄၀ လောက် သေဆုံးခဲ့ပြီး ထိုအထဲမှ အာဏာသိမ်းစစ်တပ်မှစစ်သား ရုပ်အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်း တချို့ကို အာရက္ခတပ်တော် (AA) ဘက်က သိမ်းဆည်းရမိခဲ့ကြောင်းAA နှင့် နီးစပ်သည့် စစ်ရေး ရင်းမြစ်တစ်ဦးကနိရဉ္စရာသတင်းဌာကို အတည်ပြု ပြောဆိုသည်။

၎င်းနောက် AA မှ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ရာ စစ်တပ်၏ ကာကင်းစခန်း ၄ ခုကို သိမ်းပိုက် ရရှိခဲ့ပြီးနောက် အ၀တောင်စခန်းတွင် ထပ်မံအင်အားအများအပြားဖြည့်တင်းကာ လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ ဒရုန်းပစ်ကူများဖြင့် ဇွန်လဆန်းပိုင်းတွင် မြန်မာစစ်တပ်က ထပ်မံ ထိုးစစ်ဆင် လာခဲ့ခြင်းဖြစ်သည်။

“ သူတိုရဲ့ ရည်ရွယ်ချက် စနဲမြို့ကို သိမ်းပိုက်ဖို့ပါဘဲ။အနီးအနား တခြားနေရာတွေကို နယ်မြေချဲ့ထွင်ဖို့အတွက် အကြမ်းဖက်စစ်တပ်ဟာ လေကြောင်း၊ ဒရုန်း၊ နေဗီ(ရေတပ်) တင်မကဘဲ မြေပြင်ကပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာပါ”ဟု AA နှင့် နီးစပ်သည့် စစ်ရေးရင်းမြစ်တစ်ခုကလည်း ပြောဆိုသည်။

အာရက္ခတပ်တော်သည် ထိုးစစ်ဆင်လာသောအာဏာသိမ်း မြန်မာစစ်တပ်ကို နည်းဗျူဟာ ကြွယ်၀စွာဖြင့် တိုက်ခိုက်နေပြီး အပိုင်ရမည့်နေရာများတွင် ပူးကပ်တိုက်ခိုက်ရာမှ မြန်မာ စစ်တပ်ဘက် တိုက်ပွဲတိုင်းတွင်အကျဆုံးများလာကာ ဒဏ်ရာရသူများလည်းရှိလာသဖြင့်နောက်ဆုတ်သွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အင်အား ရာချီစစ်ကြောင်းတွေခွဲပြီး အဝတောင်စခန်းကိုအထိုင်ယူကာ AA ထိန်းချုပ်နယ်မြေသို့ ဇွန်လ ဒုတိယအပတ်တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့သော်လည်း အကျဆုံးများမူကြောင့် အကြမ်းဖက်စစ်တပ်ကနောက်ဆုတ်သွားပြီးနောက် တိုက်ပွဲရပ်တန့်နေသည်ဟုဆိုသည်။

အကြမ်းဖက်စစ်တပ်သည် မင်းပြင်၊သိုင်းချောင်းဖက်ကရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် အကြားရှိ ကားလမ်းကို စိုးမိုးနိုင်ရန် စစ်ကြောင်းထိုးခဲ့သော်လည်း အကျအဆုံးများပြားခဲ့သဖြင့် တောင်မော်ဦးရေတပ်က တစ်ဖန် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

လက်ရှိတွင် တောင်မော်ဦးစစ်မျက်နှာဘက်ကလည်း စစ်ရေးအခြေအနေ မလှဖြစ်နေသဖြင့် မင်းပြင်၊သိုင်းချောင်းဖက်တွင်အင်အားထပ်မံဖြည့်တင်းနေသည်ဟု နောက်ထပ် စစ်ရေး ရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောဆိုသည်။

"တောင်မော်ဦး-အ၀တောင်ဘက်မှာလည်း အကျအဆုံးများနေတော့ မင်းပြင်၊သိုင်းချောင်းဖက်ကို အင်အားထပ်ဖြည့်တာတွေရှိနေတယ်။ တဖက်ကအကျဆုံးများတော့ နောက်တဖက်ကပြန်စချင်ပုံရတယ်”ဟု ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နှစ်က တိုက်ပွဲဧရိယာဖြစ်ခဲ့သည့်သိုင်းချောင်း၊ မင်းပြင်ဘက်တွင်ဘင်ကာ၊ကတုတ်ကျင်းများထပ်မံပြုလုပ်နေပြီး အနီးဝန်းကျင်တွင် ကင်းလှည့်မှုများ၊ ကင်းပုန်း ဝပ်မှုများကိုလည်း ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...
July 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ယာယီရပ်တန့်နေချိန်တွင်...