စစ်မှုထမ်းဥပဒေကြောင့် နမ့်စန်ဒေသခံများ အုပ်ချုပ်ရေးမှူးတာဝန် မထမ်းလို

စစ်မှုထမ်းဥပဒေကြောင့် နမ့်စန်ဒေသခံများ အုပ်ချုပ်ရေးမှူးတာဝန် မထမ်းလို

စိုင်းဆိုင်အိုက် — စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။

နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။

ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း နမ့်စန်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေ မလုပ်ခင်ကတည်းကတော့လျာထားတာ။ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ စစ်မှုထမ်းဉပဒေကို အကြောင်းပြပြီး လူတွေ၊ငွေတွေ ရှာခိုင်းရတာ။ စစ်မှုထမ်းခေါ်တာတွေ လုပ်ရမှာ ကြောက်ကြတယ်။ ပြီးခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေတုန်းကဆိုရင် စစ်မှုထမ်းသွားခေါ်တာ သေနတ်ပြခြိမ်းခြောက်ခံရတယ်”ဟု ၎င်းအမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်တွင်လည်း နမ့်စန်မြို့ ရပ်ကွက် (၁) တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည် ရွေးချယ် ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်ခဲ့ကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ပထမပတ်အတွင်းတွင် ရပ်စောက်မြို့နယ်တွင်လည်း ကျေးရွာများတွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးတာဝန်ရှိသူများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသိရသည်။

လက်ရှိ နမ့်စန်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်အပြင် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ SSS (မဟာဂျာ) ပြည်သူ့စစ်၊ မတ်ကျန်း (မကျိုင်း) ပြည်သူ့စစ်နှင့် နားရိုင်းပြည်သူ့စစ်တို့ သွားလာလှုပ်ရှား နေကြကြောင်း သိရသည်။

June 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ...
June 20, 2026
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို...
June 18, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ်တွင် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး...
June 17, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့်...