စစ်ကိုင်း လဝကရုံး ဗုံးပေါက်ကွဲ၍ ၂၀ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်း လဝကရုံး ဗုံးပေါက်ကွဲ၍ ၂၀ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းများနှင့် ရုံးလာတက်သည့် ပြည်သူ စုစုပေါင်း ၂၀ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း မြေပြင်လူမှုကူညီရေးအသင်းများနှင့် မြို့ခံများက ပြောသည်။

ဇွန်လ ၅ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ အဆိုပါ လဝကရုံး၏ UDI ကတ်နှင့် မှတ်ပုံတင်များ စိစစ်ဖောင်တင်သည့် ဝင်ပေါက်ဘေး၌ ဗုံးစတင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက် ၄ ဦးထက်မနည်းမှာ စိုးရိမ်ရသည့် အခြေအနေရှိနေပြီး၊ ၎င်းတို့ကို စစ်ကိုင်းပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ အရေးပေါ် လွှဲပြောင်း ကုသပေးနေရကြောင်း ဒေသခံပရဟိတအသင်း တာဝန်ခံတစ်ဦးက အတည်ပြုပြောသည်။

အဆိုပါ ပေါက်ကွဲမှုသည် အများပြည်သူ လူစည်ကားရာနေရာ၌ ထောင်ထားသည့် ချိန်ကိုက်ဗုံး အမျိုးအစား ဖြစ်နိုင်ပြီး ထိခိုက်သူများထဲတွင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၈ ဦး ပါဝင်ကြောင်း ဆိုသည်။ 

စစ်အုပ်စု၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကမူ အဆိုပါ ဖြစ်စဉ်သည် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ရေးသားနေကြသော်လည်း မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် ပရဟိတ အဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့၏ စွပ်စွဲချက်ကို ငြင်းဆိုသည်။

၎င်းက “ပေါက်ကွဲတာက ရုံးထဲက ဖောင်တင်တဲ့နေရာနားမှာ ကွဲတာပါ။ အပေါ်ကနေ ဒရုန်းနဲ့ ဗုံးချတာမျိုး လုံးဝ မဟုတ်ပါဘူး။ ဗုံးကွဲပြီးချင်းမှာ တပ်မ ၃၃ ဘက်က စစ်ကားတွေချက်ချင်းရောက်လာပြီး ရပ်ကွက်တစ်ခု လုံးကို ပိတ်ဆို့စစ်ဆေးတာတွေ အတင်းလုပ်နေလို့ လူနာတွေကို ဆေးရုံအမြန်ပို့ပေးဖို့တောင် တော်တော်လေး အခက်အခဲဖြစ်ခဲ့ရတယ်” ဟု ဒေသတွင်း အခြေအနေကို ပြောပြသည်။

စစ်ကိုင်းမြို့နယ်တစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းကျော်ကို စစ်တပ်က စိုးမိုးထားပြီး ဌာနဆိုင်ရာရုံးတိုင်းတွင် စစ်တပ်နှင့် ပျူစောထီး ပြည်သူ့စစ်များက ကင်းပုန်းဝပ်၍ လုံခြုံရေးအထူးတင်းကျပ်ထားသည့် မြို့ပြဒေသတစ်ခု ဖြစ်သည်။ 

မြို့ခံရပ်မိရပ်ဖတစ်ဦးက “ဒီရက်ပိုင်း လဝကရုံးမှာ အိမ်ထောင်စုဇယားနဲ့ စမတ်ကတ်လုပ်ဖို့ ပြည်သူတွေ တိုးဝှေ့ ပြီး သွားနေကြတာ။ အဲဒီရုံးက စစ်တပ်နဲ့ ပျူစောထီးတွေ နေ့တိုင်းအထိုင်ချပြီး အစစ်အဆေးကြမ်းတဲ့ နေရာ ပါ ဗျာ။ ပြင်ပကလူကတော့ လွယ်လွယ်နဲ့ ဗုံးလာထောင်ဖို့ မဖြစ်နိုင်ဘူး။ စစ်တပ်က မြို့ပေါ်ကို သူတို့ပဲ အပြည့်အဝ စိုးမိုးထားသလိုမျိုး လုပ်ပြနေပေမဲ့ တကယ်တမ်းက သူတို့ရဲ့ အတွင်းစည်း လုံခြုံရေးတောင် အပေါက်အပြဲတွေ ဖြစ်နေပြီဆိုတာ ပြလိုက်တာပဲ” ဟု ပြောသည်။

စစ်ကိုင်းမြို့ လဝကရုံးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ခိုက်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသည့် နေရာတစ်ခုဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရသဖြင့် ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။ 

ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်းကလည်း အဆိုပါရုံးအတွင်းရှိ Non-CDM ဝန်ထမ်းများကို လာရောက်ဖမ်းဆီးသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၂ ဦးနှင့် လဝကဝန်ထမ်း ၃ ဦး သေဆုံးခဲ့သေးသည်။

လက်ရှိအချိန်အထိ အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသတွင်း တော်လှန်ရေးအင်အားစုများ ဘက် က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကိုင်းမြို့သည် မြို့ပြတစ်ခုလုံး၏ လုံခြုံရေးကို စစ်တပ်၏ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) က တာဝန်ယူထားပြီး၊ ဌာနဆိုင်ရာရုံးတိုင်းတွင် စစ်တပ်နှင့် ပြည်သူ့စစ်များက အထူးကင်းပုန်းဝပ်၍ လုံခြုံရေးကို အမြင့်ဆုံး တင်းကျပ်ထားသည့်ကြားမှပင် ယခုကဲ့သို့ အတွင်းစည်းအထိ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

June 26, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီး တိုက်...
June 25, 2026
တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်က...
June 24, 2026
ချင်းပြည် တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်တပ်၏...
June 23, 2026
ကချင်ပြည်၊ ဖားကန့်နှင့် မိုးကောင်းမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်း၊...